၇.၉.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အနောက်တောင်ပိုင်း၊ ဆတ်ရာနီကီတန် Satya Niketan ဧရိယာအတွင်း ဒေလီတက္ကသိုလ်၏တောင်ဘက်ကျောင်းဝင်းအနီး၊ ဆရီဗင်ကာတီဆွာရာ (Sri Venkateswara) ကောလိပ်၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသော ယောက်ျားလေးများ တည်းခိုရာနေရာထားရှိရာ အထပ်မြင့် အဆောက်အအုံတစ်လုံးသည် စက်တင်ဘာလ ၆ ရက်မွန်းလွဲ ၁:၃၀ နာရီခန့်က ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ပြိုကျခဲ့ကြောင်း သိရသည်။
သက်တမ်းအားဖြင့် အနှစ် ၅၀ ခန့်ရှိ ပြိုကျခဲ့သော အထပ်မြင့်အဆောက်အအုံ၏ အပျက်အစီးများကြားမှ စုစုပေါင်း လူ ၁၁ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူဦးရေမှာ ခြောက်ဦးအထိ မြင့်တက်လာကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၇ ရက် တွင် ပြောကြားခဲ့သည်။
အဆောက်အအုံက မြေအောက်ခန်းတစ်ခုနှင့် အပေါ်ထပ်ငါးထပ် ပါဝင်ပြီး မြေအောက်ခန်းတွင် ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် ပြိုကျသွားခဲ့ခြင်းဟု သိရသည်။
ဒေလီရဲတပ်ဖွဲ့၊ ဒေလီမီးသတ်ဌာန၊ အမျိုးသားဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့နှင့် ဒေလီဘေးအန္တရာယ်စီမံ ခန့်ခွဲရေးအာဏာပိုင်အဖွဲ့ အပါအဝင် အေဂျင်စီများစွာသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ညလုံးပေါက် လုပ်ဆောင်နေကြသည်။ အဆောက်အအုံတွင် လူ ၁၀ ဦးကို အပျက်အစီးများကြားမှ ကယ်ဆယ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အများအပြားမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
“ညအချိန်တွင် နောက်ထပ်တစ်ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း သေဆုံးသွားသဖြင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာပါပြီ” ဟု ဒုတိယရဲမင်းကြီး (အနောက်တောင်ပိုင်း) အာမစ်ဂိုးလ်က ပြောကြားခဲ့သည်။
၎င်းက ဖြစ်ရပ်နှင့် ဆက်စပ်နေသည်ဟု စွပ်စွဲခံရသူများကို ဆက်လက်ရှာဖွေနေကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် အဆောက်အအုံပိုင်ရှင်နှင့် အခြားသူများကို အမှုဖွင့်ထားပြီး ရာဇဝတ်စုံစမ်းစစ်ဆေးမှုကိုလည်း အမိန့်ပေးထားသည်။
အာဏာပိုင်များသည် အဆောက်အအုံအဆောက်အအုံတွင် ပြုပြင်ရေးလုပ်ငန်းများအပါအဝင် ပြိုကျမှုနှင့်ပတ်သက်သည့် အခြေအနေများကို စစ်ဆေးနေကြသည်။ တစ်ချိန်တည်းမှာပင် ဒေလီစည်ပင်သာယာကော်ပိုရေးရှင်းက ယင်းဖြစ်ရပ်အပြီးတွင် လေးထပ်ထက်ကျော်လွန်သော တရားမဝင်အဆောက်အအုံများကို ချက်ချင်းပိတ်သိမ်းရန် အမိန့်ပေးခဲ့သည်။
Ref; Press Trust of India, Hindustan Times
