၇.၉.၂၀၂၆
Written by Linn Eain
နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထား ရထားသိမ်းရန်မောင်းနှင်စဥ် ခဲဖြင့်ပစ်ပေါက်ခံရမှု ဒုတိယအကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ကြိမ်စလုံးကျူးလွန်သူအား စက်တင်ဘာ ၆ ရက် နံနက် ၃ နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အမှတ်(၈)အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားသည် စက်တင်ဘာ ၄ ရက်နှင့် စက်တင်ဘာ ၅ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ခဲဖြင့်ပစ်ပေါက်ခံရခြင်းဖြစ်ပြီး ရထားလေကာမှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
ခေတ်မီလေအေးပေးစက်ပါ အမှတ် (၈) အစုန် နေပြည်တော် – ရန်ကုန် DEMU လူစီးအမြန်ရထားသည် စက်တင်ဘာ ၅ ရက်တွင် ခရီးဆုံးဘူတာဖြစ်သည့် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိပြီး ညနေ ၅ နာရီ ၅၅ မိနစ်တွင် ရထားတွဲဆိုင်းအားသိမ်းယူရန် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ ထွက်ခွာစဉ် ကြည့်မြင်တိုင်ဘူတာအဝင် မိုင်တိုင် ၃/၁၀ နှင့် မိုင်တိုင် ၃/၁၁ အကြား ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရထားဖြတ်သန်းစဉ် ဘုန်းကြီးကျောင်းလမ်းကူးမှ အမည်မသိလူတစ်ဦးက ရထားအားခဲဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရထားတွဲဆိုင်း၏ အထက်တန်းတွဲ DEMU (U) 5020 ၏ ခုံအမှတ် 3A နှင့် 3B အကြား ပြတင်းတံခါးဘေး လေကာမှန်နှစ်လက်မခန့် ပေါက်ထွက်ကြေမွကွဲအက်မှုဖြစ်ပွားခဲ့ရာ ဦးစွာ အခင်းဖြစ်ပွားရာသို့စစ်ဆေးခဲ့ပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းအရ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် ဝိုင်းပတ်ပိတ်ဆို့ပြီး ရထားသံလမ်းတစ်လျှောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းနောက် စက်တင်ဘာ ၆ ရက်၊ နံနက် ၃ နာရီခန့်တွင် စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်၊ ခတ္တာလမ်းရှိ အလုံဘူတာနှင့် ရှမ်းလမ်းဘူတာအကြား ရထားလမ်းဘေးမြောင်းအဖုံးပေါ်တွင် အိပ်နေသူ တင်ထွန်း (ခ) ဂနေးစား အသက် (၄၁) နှစ် (ဘ) ဦးမန်းနီး၊ ဆင်မင်းလမ်း ဆင်မင်းရပ်ကွက် အလုံမြို့နယ်နေသူအား CCTV မှတ်တမ်းဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ တူညီမှုရှိသဖြင့် ၎င်းအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ တင်ထွန်း(ခ)ဂနေးစားအား ထပ်မံစစ်ဆေးခဲ့ရာ စက်တင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့သည့် အမှတ်(၈)အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားကိုပင် ခဲ့ဖြင့်ပစ်ပေါက်ခဲ့သူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အမှတ်(၈)အစုန် DEMU လူစီးအမြန်ရထားသည် စက်တင်ဘာ ၄ ရက်၊ ညနေပိုင်းတွင် ခရီးဆုံးဘူတာဖြစ်သည့် ရန်ကုန်ဘူတာကြီးသို့ရောက်ရှိပြီး ရထားတွဲဆိုင်းအားသိမ်းယူရန် စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ ရထားထွက်ခွာစဉ် လမ်းညာဘက်ခြမ်းမှ ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ ဒုတိယတွဲဖြစ်သော ပထမတန်းတွဲ DEMU F-4030 တွဲ၏ခုံအမှတ် 3A, 3 B နှင့် 4 A, 4 B အကြား ပြတင်းတံခါးဘေးလေကာမှန် နှစ်လက်မခန့် ပေါက်ထွက်သွားပြီး မှန်ကြေမွကွဲအက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တင်ထွန်း(ခ) ဂနေးစားကို စမ်းချောင်းမြို့မရဲစခန်း၌ (ပ)၃၆၁/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ (၈၄) ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကိုတစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ အနှစ် ၂၀ အထိ မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
