၇.၉.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Amazon ကုန်တင်လေယာဉ်တစ်စင်းသည် လေဆိပ်သို့အဆင်းတွင် ပြေးလမ်းအားကျော်လွန်သွားခဲ့ပြီးနောက် ယာဉ်အများအပြားကို တိုက်မိပြီး မီးလောင်ပေါက်ကွဲခဲ့ရာ အနည်းဆုံးလူငါးဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ပွာတိုရီကိုနိုင်ငံ၊ ဆန်ဂျူအန်မအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရောက်ရှိလာသည့် ထိုလေယာဉ်က စက်တင်ဘာလ ၆ ရက်၊ ဒေသစံတော်ချိန် နေ့လည် ၂ နာရီခန့် သို့မဟုတ် ၁၈:၀၀ GMT တွင် မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆင်း၌ လေယာဉ်သည် ပြေးလမ်းကိုကျော်ဖြတ်ကာ ယာဉ်များကို တိုက်မိ၍ မီးလောင်ခဲ့ခြင်းဖြစ်သည်။
ဖြစ်ရပ်တွင် လူငါးဦးသေဆုံးပြီး သုံးဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကာ အခြားနှစ်ဦးမှာ ပြင်းထန်မှုမရှိသော ဒဏ်ရာများဖြင့် ဆေးရုံတင်ခဲ့ရကြောင်း မိုင်ယာမီ-ဒိတ် ခရိုင်အရာရှိများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးကတော့ ပါဝင်ပတ်သက်သူအားလုံးရဲ့ ဘေးကင်းရေး၊ ကျန်းမာရေးနဲ့ ဂရုစိုက်မှုပါပဲ။ ထိခိုက်ခံရသူတွေကို ထောက်ပံ့ဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်” ဟု အရာရှိများက ပြောကြားခဲ့သည်။ ၎င်းတို့က သေဆုံးသူများသည် လေယာဉ်ပေါ်တွင်ရှိသူများ သို့မဟုတ် လေယာဉ်တိုက်မိသည့် ယာဉ်များထဲတွင် ရှိနေသူများ ဖြစ်ကြောင်း ဆုံးဖြတ်ရန်မှာ စောလွန်းသေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အာဏာပိုင်များ၏ အဆိုအရ လေယာဉ်ပျက်ကျမှုကြောင့် မီးခိုးမည်းမည်းများ ကောင်းကင်သို့ လွင့်တက်လာပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့သည် လေယာဉ်မောင်းခန်းတွင် ပိတ်မိနေသည့်အပြင် ကားများထဲတွင်လည်း လူများပိတ်မိနေခဲ့ကြောင်းသိရသည်။
Prime Air လေကြောင်းမှ လေယာဉ်သည် ၎င်း၏ဝမ်းဗိုက်ပေါ်တွင် တင်နေခဲ့ပုံရပြီး မီးလောင်နေသော်လည်း အများစုမှာ မထိမခိုက် ရှိနေသည်။
မျက်မြင်သက်သေများက ‘ထူထဲသော မီးခိုးမည်းများ ကောင်းကင်ထဲသို့ စီးမျောနေသည်’ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ပျံသန်းမှုသက်တမ်း ၃၂ နှစ်ရှိ အဆိုပါ ပျက်ကျ ဘိုရင်း-၇၆၇ လေယာဉ်ကိုကို မူလက ခရီးသည်များ သယ်ဆောင်ရန် တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကုန်တင်လေယာဉ်အဖြစ် ပြောင်းလဲခြင်းမပြုမီ လေကြောင်းလိုင်းများစွာအတွက် ပျံသန်းခဲ့ကြောင်း Flightradar24 ၏ အဆိုအရ သိရသည်။
Amazon က စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။
Ref; DW News
