၇.၉.၂၀၂၆
Written by Thiri
နေပြည်တော်တွင် နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် အငှားယာဉ်မောင်း ဦးဝင်းကိုအား သတ်ဖြတ်ကာ ၎င်းမောင်းနှင်တဲ့ Hyundai Accent အမျိုးအစား ကားကို လုယက်ယူဆောင်သွားတဲ့ ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၆ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သက်ဆိုင်ရာမှ သိရပါတယ်။
ဖြစ်စဉ်က စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၇၉ မိုင် ၁ ဖာလုံအနီး (နေပြည်တော်မှ မန္တလေးသို့ အသွားဘက်ခြမ်း) လမ်းဘေး ပေ ၃၀၀ ကျော်အကွာ၌ နွားကျောင်းသားတစ်ဦးက အမျိုးသားတစ်ဦးရဲ့ အလောင်းကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူမှာ ဝဲဘက် ဦးခေါင်းဂျိုစောင်းတွင် ရိုက်နှက်ခံထားရသဖြင့် ဦးခေါင်းခွံကျေ ပေါက်ပြဲဒဏ်ရာ၊ ယာဘက် မျက်လုံး ညိုမဲဖူးရောင် ဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာဆီ အလယ်ရွာ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မေတ္တာပါရမီ ပရဟိတအသင်းတို့ ပူးပေါင်းကာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ကူညီသယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
“မနေ့က ညနေ ၅ နာရီကျော်မှာ ရဲတပ်ဖွဲ့က ရုပ်အလောင်းလာသယ်ပေးဖို့ ဆက်သွယ်ခေါ်ယူလို့ အသင်းသားတချို့နဲ့ ကားကို အခင်းဖြစ်နေရာဆီ သွားခိုင်းခဲ့တာပါ။ ၇ နာရီလောက်မှာ ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မိတ္ထီလာပြည်သူ့ ဆေးရုံကြီးဆီ ပို့ပေးခဲ့ပါတယ်”လို့ မေတ္တာပါရမီအသင်းဆီ MT News က ဆက်သွယ်မေးမြန်းတာကို တာဝန်ရှိသူမှ ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူမှာ ဇဗ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာ နေထိုင်သူ ဦးဝင်းကို (၃၄ နှစ်) ဖြစ်ပြီး စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းက မိသားစုက ဖုန်းဆက်သွယ်ရာ ပြင်ပအမျိုးသားတစ်ဦးမှ လက်ခံဖြေကြားခဲ့ကာ နောက်ပိုင်းမှာ ဖုန်းစက်ပိတ်သွားခဲ့တာကြောင့် မိသားစုက မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ထံ ကူညီတောင်းခံခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အမြန်လမ်းမှာ တွေ့ရှိခဲ့တဲ့အလောင်းဓာတ်ပုံကို မိသားစုထံ ပြသအတည်ပြုရာမှ သေဆုံးသူမှာ အငှားယာဉ်မောင်း ဦးဝင်းကို ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အဆိုပါ လူသတ်လုယက်မှု ကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းရှာဖွေလျက်ရှိပြီး ပျောက်ဆုံးနေတဲ့ မော်တော်ယာဉ်အမှတ် 9Q/4825 (Hyundai Accent အဖြူရောင်)ကို တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
