၆.၉.၂၀၂၆
Writing by Linn Eain
နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထား ရန်ကုန်ဘူတာကြီးမှ စက်ခေါင်းစက်ရုံ(အင်းစိန်) ရထားသိမ်းရန်မောင်းနှင်စဥ် ခဲဖြင့်ပစ်ပေါက်ခံရ၍ လေကာမှန်ကွဲအက်ပျက်စီးမှုဖြစ်ပွားခဲ့ရာ ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာမီးရထားမှ သိရသည်။
အမှတ်(၈)အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားသည် စက်တင်ဘာ ၄ ရက်၊ ညနေပိုင်းတွင် ခရီးဆုံးဘူတာဖြစ်သည့် ရန်ကုန်ဘူတာကြီးသို့ရောက်ရှိပြီး ရထားတွဲဆိုင်းအားသိမ်းယူရန် စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ ရထားထွက်ခွာစဉ် လမ်းညာဘက်ခြမ်းမှ ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ ဒုတိယတွဲဖြစ်သော ပထမတန်းတွဲ DEMU F-4030 တွဲ၏ခုံအမှတ် 3A, 3 B နှင့် 4 A, 4 B အကြား ပြတင်းတံခါးဘေးလေကာမှန် နှစ်လက်မခန့် ပေါက်ထွက်သွားပြီး မှန်ကြေမွကွဲအက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၈)အစုန်ရထားသည် ခရီးဆုံးဘူတာသို့ရောက်ရှိပြီး ရထားသိမ်းရန် မိခင်စက်ရုံသို့ ထွက်ခွာမောင်းနှင်စဉ်ဖြစ်ပွားခဲ့သဖြင့် စက်ခေါင်းမောင်းနှင့် စက်မှုစက်ပြင်အဖွဲ့သာပါရှိခဲ့ပြီး စက်ခေါင်း စက်ရုံ(အင်းစိန်)သို့ ရောက်ရှိမှသာသိရှိခဲ့ရကြောင်း၊ တရားခံဖမ်းဆီးရမိရေးနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာ အင်းစိန်နယ်မြေရဲစခန်း၌ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၅ ရက်တွင်ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကိုတစ်စုံတစ်ရာဖြင့်ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်း အတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ်၂ဝ အထိ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချမှတ်နိုင်ကြောင်းနှင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
