၆.၉.၂၀၂၆
Translated by Htwe Ko Tun
ယူနိုက်တစ်ကင်းဒမ်းနိုင်ငံတွင် မျက်နှာဖုံးစွပ်ထားသော လူရာပေါင်းများစွာက စက်တင်ဘာလ ၅ ရက်တွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်ဆန္ဒပြမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂလန်နယ်မြေ၊ ဒိုဗာ (Dover) ဆိပ်ကမ်းတွင် ယာဉ်သွားယာဉ်လာများကို ပိတ်ဆို့ခဲ့ကြရာ ပြင်သစ်နှင့် ယူနိုက်တစ်ကင်းဒမ်းအကြား ကူးတို့သင်္ဘောသွားလာမှုကို ရပ်တန့်စေခဲ့သည်။
ဗီဒီယိုမှတ်တမ်းများအရ မျက်နှာဖုံးစွပ်ထားသော ဆန္ဒပြသူများက ဗြိတိန်သို့ ရောက်ရှိရန်အတွက် အန္တရာယ်ရှိသော အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်ရန် ကြိုးပမ်းကြသော ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများကို ရည်ညွှန်းကာ “လှေများကို ရပ်ပါ” ဟု ကြွေးကြော်ဆန္ဒပြကြသည်ကို တွေ့ကြရသည်။
၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ဖြတ်ကျော်ဝင်ရောက်မှု ၄၀% ကျဆင်းသွားသော်လည်း အဆိုပါဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်သူများ၏ လှေများ၏ ခြိမ်းခြောက်မှုက အစွန်းရောက်လက်ယာယိမ်း Reform UK ပါတီအတွက် စည်းရုံးရေးအော်ဟစ်သံတစ်ခုလည်း ဖြစ်လာခဲ့သည်။
ရဲများက ဆန္ဒပြသူများနှင့် ထိတွေ့တားဆီးမှုများပြုခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ဆိပ်ကမ်း၌ ပုံမှန်ယာဉ်သွားလာမှုများ ပြန်လည်စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်က ကျွန်ုပ်တို့၏ ဒီမိုကရေစီအတွက် အခြေခံကျသော်လည်း ဒိုဗ ဆိပ်ကမ်းတွင် အပြုအမူနှင့် ၎င်းကြောင့် ခရီးသွားလာမှု အနှောင့်အယှက်ဖြစ်စေခြင်းတို့ ဖြစ်ခဲ့ရမှုကို ကျွန်ုပ်တို့ ရှုတ်ချပါကြောင်း ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်၏ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အန်ဒီဘန်ဟမ်နှင့် ၎င်းမတိုင်မီ ဝန်ကြီးချုပ်ဟောင်း အာစတမ်မာ လက်ထက်တွင် ရွှေ့ပြောင်းနေထိုင်သူများ ဖြတ်ကျော်ဝင်ရောက်မှုမှာ ပြင်သစ်အာဏာပိုင်များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် သိသိသာသာ လျော့ကျသွားခဲ့သည်။
ဒိုဗာဆိပ်ကမ်းသည် ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ၏ အကြီးဆုံး နိုင်ငံတကာ ကူးတို့ဆိပ်ကမ်းဖြစ်ပြီး နွေရာသီတွင် တစ်နေ့လျှင် ခရီးသည် ၁၅,၀၀၀ ခန့်ဖြတ်သန်းသွားလာမှုကို ကိုင်တွယ်ဆောင်ရွက်ပေးပြီး ဥရောပသမဂ္ဂနှင့် ယူကေ၏ ကုန်သွယ်ရေးကုန်စည် သုံးပုံတစ်ပုံကျော်ကို ကြိုဆိုလျက်ရှိသည်။
Ref; DW News
