သတိုး
၆. ၉. ၂၀၂၆
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ ယနေ့ နေ့လယ်ပိုင်းတွင် ဟနွိုင်းမြို့ရှိ နွန်ဘိုင်းလေဆိပ်မှ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ စက်တင်ဘာ ၄ ရင်မှ ၆ ရက်နေ့အထိ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၊ ဝန်ကြီးချုပ်လေမင်ဟုန်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ချန်ထန်မန်းတို့နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့သည်။
ထို့အပြင် မြန်မာ – ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားမှု၊ စက်ရုံအလုပ်ရုံများသို့ သွားရောက်လေ့လာ ဆွေးနွေးမှု အပြင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဗီယက်နမ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့သည်။
