၆.၉.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှား၏ နိုင်ငံပိုင် လေဆိပ်အော်ပရေတာ InJourney Airports ၏ အဆိုအရ အာနက် ကရာကာတောမီးတောင်မှ မီးတောင်ပြာများသည် ဂျာဗားနှင့် ဆူမားတြားဒေသများသို့ ပျံ့နှံ့သွားပြီးနောက် စက်တင်ဘာလ ၆ ရက် တွင် ဂျကာတာနှင့် လမ်ပွန်လေဆိပ်များတွင် လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
ဂျာကာတာတွင် ဝန်ဆောင်မှုပေးသော Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်ထားမှုအား ဒေသစံတော်ချိန် စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၁:၃၀ နာရီအထိ တိုးမြှင့်ခဲ့သည်။ လမ်ပွန်ရှိ Radin Inten II အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း နံနက် ၈ နာရီအထိ လည်ပတ်မှုကို ရပ်ဆိုင်းခဲ့သည်။
ဂျာကာတာရှိ Halim Perdanakusuma လေဆိပ်ကိုလည်း နံနက် ၁၀ နာရီအထိ ပိတ်ထားခဲ့ကြောင်း CNN Indonesia မှ ဖော်ပြခဲ့သည်။ ထိုသို့လေဆိပ်များပိတ်ထားခဲ့ရမှုကြောင့် ယိုဂျာကာတာ အပြည်ပြည်ဆိုင်ရာလေတိပ်၊ အနောက်ဆူမားတြားရှိ မီနန်ကာဘူ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနောက် ကာလီမန်တန်ကျွန်းရှိ ဆူပါဒီယို Supadio အပြည်ပြည်ဆိုင်ရာတို့တွင်လည်း လေယာဉ်ခရီးစဉ်အချိန်များအပေါ် သက်ရောက်မှုများရှိခဲ့သည်။
Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်ထားမှုကြောင့် လေယာဉ်ခရီးစဉ် ၂၀၉ ခုနှင့် ခရီးသည် ၂၂,၇၉၈ ဦး ထိခိုက်ခဲ့ရကြောင်း အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အရပ်ဘက်လေကြောင်းညွှန်ကြားရေးမှူးချုပ် လပ်မန်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။ နိုင်ငံတကာလေယာဉ်ခရီးစဉ် ၁၆ ခုကို ဖျက်သိမ်းခဲ့ပြီး ခုနစ်ခုကို နှောင့်နှေးခဲ့ရကာ စင်ကာပူ၊ ဟောင်ကောင်၊ ဆစ်ဒနီ၊ ဆိုးလ်၊ ဒိုဟာ၊ အမ်စတာဒမ်နှင့် ကွာလာလမ်ပူမြို့များသို့ လေယာဉ် ခရီးစဉ်များကို ပြန်လည်စီစဉ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျာဗားနှင့် ဆူမာတြားကျွန်းများကြားရှိ ဆန်ဒါ ရေလက်ကြားတွင် တည်ရှိသော အာနက်ကရာကာတောမီးတောင်သည် ဇူလိုင်လအစောပိုင်းကတည်းက လှုပ်ရှားနေပြီး စက်တင်ဘာ ၄ ရက်ညတွင် မီးတောင်ပေါက်ကွဲမှုများ ပိုမိုပြင်းထန်လာကြောင်း အင်ဒိုနီးရှားသတင်းဌာန Kompas.com က ဖော်ပြခဲ့သည်။
Ref; The Business Times


