၆.၉.၂၀၂၆
Written by Linn Eain
လေယာဉ်ပေါ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေးဖွား၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရမှု စက်တင်ဘာ ၅ ရက်ကဖြစ်ပွားခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဗီယက်နမ်လေကြောင်းလိုင်း (Vietnam Airlines)၏ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့သို့ ပျံသန်းလာသည့် ခရီးစဉ်အမှတ် VN38 Boeing 787 လေယာဥ်သည် လေယာဉ်ပျံသန်းနေစဉ်အတွင်း ဗီယက်နမ်နိုင်ငံသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ရုတ်တရက် ဗိုက်နာလာခဲ့ကြောင်း သိရသည်။
ထို့နောက် လေယာဉ်မယ်များနှင့် လေယာဉ်ပေါ်ပါလာသည့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ ခရီးသည် ၅ ဦး၏ ကူညီမှုဖြင့် လေယာဉ်ပေါ်တွင်ပင် ကလေးငယ်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကလေးမွေးဖွားပြီးနောက် မိခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေနှင့် အရေးပေါ်ဆေးကုသမှု ခံယူနိုင်ရန်အတွက် လေယာဉ်မှူးက ခရီးစဉ်ကို လမ်းကြောင်းပြောင်းကာ ရန်ကုန်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ရန် ဆုံးဖြတ်ခဲ့သဖြင့် ဗီယက်နမ်လေကြောင်းလိုင်းသည် မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အာဏာပိုင်များနှင့် ချက်ချင်းပူးပေါင်းကာ လေယာဉ်ဆင်းသက်ပြီးနောက် မိခင်နှင့် ကလေးငယ်ကို ရန်ကုန်မြို့ရှိ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ သိရသည်။
ယင်းနောက်လေယာဉ်သည် စက်တင်ဘာလ ၆ ရက် (မြန်မာစံတော်ချိန်) နံနက် ၃ နာရီခွဲတွင် ရန်ကုန်လေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ပြီး ဟိုချီမင်းမြို့သို့ နံနက် ၆ နာရီ ၅ မိနစ်တွင် ဘေးကင်းစွာ ဆိုက်ရောက်ခဲ့ကြောင်းသိရသည်။
