သတိုး
၅. ၉. ၂၀၂၆
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ နေ့လယ်ပိုင်းတွင် ဗီယက်နမ်ဝန်ကြီးချုပ် လေမင်ဟုန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေရာ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးသည် ဗီယက်နမ်နိုင်ငံ၏ အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန်နှင့် အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းအား ဂုဏ်ပြုသောအားဖြင့် လွမ်းသူ့ပန်းခွေချသည့် အခမ်းအနားကို ဂုဏ်ပြုတက်ရောက် အလေးပြုခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်သို့ ရောက်ရှိလာရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ခရီးဦးကြိုပြုကာ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် နှစ်နိုင်ငံသမ္မတများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ယင်းအပြင် နိုင်ငံတော်သမ္မတနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ချန်ထန်မန်းတို့ ဆက်လက် တွေ့ဆုံဆွေးနွေးခဲ့ကာ အဆိုပါဆွေးနွေးမှုများ အသေးစိတ် ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
