၅.၉.၂၀၂၆
Written by Thiri
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီရပ်ကွက်ရှိ မင်းရဲဆည်အနီး ဇော်ဂျီမြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းမှာ ကူညီရှာဖွေရေးအဖွဲ့တွေက ရှာဖွေဖော်ထုတ် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က စက်တင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်မှာ ကျောက်ဆည်မြို့၊ ဘောဂဝတီရပ်ကွက်ရှိ ဇော်ဂျီမြစ်အတွင်း အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးကြောင်း သတင်းပေးပို့ချက်အရ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်) နှင့် 225 DIVER MYANMAR အဖွဲ့တို့ ပူးပေါင်းပြီး မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ စတင်ကာ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ကူညီရှာဖွေရေးအဖွဲ့တွေမှ အရှိန်အဟုန်မြှင့် ရှာဖွေခဲ့ရာ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ အချိန် (၁၅:၅၀ နာရီ) မှာ ရေနစ်မြုပ်ပျောက်ဆုံးသူ ကူမဲမြို့ ကွက်သစ် ၃ ရပ်ကွက်နေ အသက် ၃၀ ခန့်အရွယ် အမျိုးသားကို ဇော်ဂျီမြစ်ရဲ့ ကြမ်းပြင်မှာ မှောက်လျက် အနေအထားနဲ့ သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ရှာဖွေတွေ့ရှိခဲ့တဲ့ သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ကူညီရေးအဖွဲ့တွေက ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။




