၅.၉.၂၀၂၆
Translated by Htwe Ko Tun
ပေါက်ကွဲမှုသည် လာပါ့ဇ်မှ ၃၀ ကီလိုမီတာခန့်အကွာရှိ ဗီယာချာရှိ စစ်စခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်။ ဘိုလီးဗီးယားနိုင်ငံရှိ အမြောက်တပ်ရင်းတစ်ခု တပ်စွဲထားသည့် စစ်စခန်းတစ်ခုတွင် စက်တင်ဘာလ ၄ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၁၄:၃၀ (၁၈:၃၀ GMT) နာရီခန့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ကာ ၅၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဘိုလီးဗီးယားကာကွယ်ရေးဝန်ကြီး အာနက်စတို ဂျက်စတီယာနိုက ပြောကြားခဲ့သည်။
အာဏာပိုင်များက မီးရှူးမီးပန်းပစ္စည်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သည်ဟု စိုးရိမ်နေကြကြောင်း ပြောကြားခဲ့သည်။
ကျန်းမာရေးအရာရှိ ရီတာ နီဘရာစကာကမူ လာပါ့ဇ်မှ ၃၀ ကီလိုမီတာ (၁၉ မိုင်) ခန့်အကွာရှိ ဗီယာချာတွင် ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုတွင် လူ ၁၀ ဦးမှ ၁၅ ဦးအထိ သေဆုံးခဲ့သည်ဟု ယုံကြည်ရကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့သည်။
အိမ်ခြေများစွာ ပျက်စီးခဲ့ပြီး အများစုမှာ ပေါက်ကွဲမှုကြောင့် ပြတင်းပေါက်များ ကွဲအက်သွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အရေးပေါ်ဝန်ထမ်းများသည် အပျက်အစီးများကို ရှာဖွေနေကြသည်။
နီဘရာစကာက နောက်ထပ်ပေါက်ကွဲမှုဖြစ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့ပြီး စစ်စခန်းမှ အနည်းဆုံး ၁၅၀ မီတာအကွာတွင် နေထိုင်ရန် လူများကို တိုက်တွန်းခဲ့သည်။ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရော်ဂျာ ရိုကာက AFP သတင်းဌာနသို့ ပြောကြားရာတွင် မီးရှူးမီးပန်းများကို တပ်စခန်းတွင် သိမ်းဆည်းထားပြီး ပေါက်ကွဲမှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ဗီယာချာ အာဏာပိုင်များက သုံးရက်ကြာ ဝမ်းနည်းကြောင်း ကြေညာထားသည် ဟုသိရသည်။
Ref; bbc
