၅.၉.၂၀၂၆
Written By Thandar
ကောင်းရုပ်ရှင်ထုတ်လုပ်ရေးက ဒရာမာဇာတ်လမ်းပုံစံ “လွန်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Show အခမ်းအနားကို စက်တင်ဘာ ၄ရက် ညနေပိုင်းက ရန်ကုန်မြို့ လှိုင်သာယာမြိုနယ်ရှိ မင်္ဂလာဝဇီရာ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကိုတော့ ဒါရိုက်တာနေပိုင်၊ အကယ်ဒမီမြင့်မြတ်တို့ဇနီးမောင်နှံ၊ သံသာမိုးသိမ့်၊ ရှင်းသီရိသူ၊ ကလေးသရုပ်ဆောင် အိန္ဒြေသွန်းဆက်တို့ တက်ရောက်ခဲ့ကြပြီး ဟာသလူရွှင်တော်များအသင်းက ဟာသသရုပ်ဆောင်တွေနဲ့ ကိုယ်လူချောအဖွဲ့တွေ မိသားစုနဲ့အတူ တက်ရောက်ခဲ့ကာ အတူတကွ ရုပ်ရှင်အထူးကို ကြည့်ရှုအားပေးခဲ့ကြပါတယ်။
“ကျွန်တော်တို့ ဒီကားက မကြာခင်ရုံတင်မှာမို့ အနုပညာအသိုင်းအဝိုင်းက အကုန်လုံးဖိတ်ပြီးတော့ လှိုင်သာယာမှာ ပြသဖြစ်တာပါ။ အလှူလေးလည်း လုပ်ဖြစ်တာပေါ့။ ဒီဇာတ်ကားကတော့ ပထမ မြေစာတုန်းကလည်း ဒီရုံမှာပြသခဲ့တာပါ။ မြေစာရိုက်ပြီးနောက်မှာ ရိုက်ခဲ့တဲ့ကားပါ။ ဒါက ဒုတိယအကြိမ်မှာပြတာပါ။ ဒုတိယအကြိမ် ပုဂံမှာ နေပူပူမှာ ရိုက်ကူးခဲ့တာပါ။ သားသမီးနဲ့ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေ ဒီကားမှာတွေ့ ရမှာပါ။ သားအဖရဲ့ သံယောဇဉ်တွေလည်း ပါပါတယ်”လို့ ဒါရိုက်တာနေပိုင်က ပြောပါတယ်။
ဒီဇာတ်ကားကို DOP အကယ်ဒမီသာကျော်၊ တည်းဖြတ် အောင်မျိုးဦး၊ တွဲဖက်ဒါရိုက်တာ ထက်ဝေယံ၊ ဇာတ်လမ်း၊ဇာတ်ညွှန်း အောင်ချမ်းသာကရေးသားပြီး ဒါရိုက်တာနေပိုင်က ပုဂံဒေသနောက်ခံထားပြီး ဒရာမာ ဇာတ်လမ်းပုံစံ ဖန်တီးထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီရဲအောင်၊ ဝင့်ယမုံနိုင်၊ သံသာမိုးသိမ့်၊ အထူး ဧည့်သည်သရုပ်ဆောင်တိုင်ရွန်၊ ဇော်ဝင်းနိုင်(မန်း)၊ အကယ်ဒမီဇော်ဦး၊ အကယ်ဒမီ ခင်မို့မို့အေး၊ ထူးသာ၊ ဒိုပေါက်၊ ထက်ဝေယံ၊ ရှင်းသီရိသူ၊ ဂျူးဂျူးဇော်နဲ့ စတဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
