၅.၉.၂၀၂၆
Written by Linn Eain
မရမ်းကုန်းမြို့နယ်တွင် ဟော့ပေါ့ဆိုင်အတွင်း အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုး၍ လုယက်မှု ကျူးလွန်ခဲ့သူ အမျိုးသားလေးဦးကို စက်တင်ဘာ ၄ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး နှစ်ရက်အတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဒေါ်ဖြိုးဇာလတ်(၃၁)နှစ်သည် ဝန်ထမ်းများနှင့်အတူ ဆိုင်သိမ်းနေစဉ် Mask တပ်ထားသည့် အမျိုးသားလေးဦး ဆိုင်အတွင်းဝင်ရောက်လာကာ ဓားဖြင့်ခြိမ်းခြောက်ပြီး ဖုန်းနှင့်ငွေသားများလုယက်ခြင်း၊ ဆိုင်ရှင်ဖြစ်သူ ဒေါ်ဖြိုးဇာလတ်အား ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခြင်း စက်တင်ဘာ ၂ ရက်၊ ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဓားဖြင့်ထိုး၍ လုယက်မှုကျူးလွန်သူများသည် Iphone 16 pro အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ Redmi Note 7 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ Oppo အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ငွေ ၁၀ သိန်းကျပ်ခန့်နှင့် အသုံးအဆောင်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၉ သိန်းခန့်အား လုယက်ယူဆောင်သွားကြောင်း သိရသည်။
ထိုဖြစ်စဉ်ကို ဘုရင့်နောင်နယ်မြေရဲစခန်းတွင် (ပ) ၁၉၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ခဲ့ပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်းရယူ စုံစမ်းခြင်းများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၄ ရက်၊ မွန်းလွဲပိုင်းတွင် ပြစ်မှုကျူးလွန်သူ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် အမှတ်(၁၁) ရပ်ကွက်နေ ဆိုင်မွန်စွန်ကျဲထန်း (၂၉)နှစ်အား အဆိုပါရပ်ကွက် ကျန်စစ်သားလမ်းနှင့် ကောင်း ဓမ္မာရုံလမ်းထောင့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် တစ်ရပ်ကွက်တည်းနေ ပြစ်မှုကျူးလွန်သူ ခန့်လင်းထွဋ် (၃၂)နှစ်နှင့် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ ရပ်ကွက်နေ ကျူးလွန်သူ ထက်အောင် (ခ) ဖိုးဂျိမ်း(၂၈)နှစ်တို့ နှစ်ဦးကို အမှတ်(၁၁)ရပ်ကွက်ရှိ ပုဂံလမ်းမပေါ်တွင် လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် အရိုးအသွား ၁ဝ လက်မခန့်ရှိ ဆန်ထိုးပိုက် တစ်ချောင်းနှင့် လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် Oppo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အင်းစိန် မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်နေ အေးမျိုးကျော် (ခ)ပါကညော (၂၃) နှစ်အား ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိသည့် တရားခံလေးဦးကို သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်းနိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
