သတိုး
၄. ၉. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဥ်ဖြင့် စတင်ထွက်ခွာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်သည့် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများ အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။






ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံ တွေ့ဆုံသွားမည်ဖြစ်သည်။
ထို့ပြင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်ရှိပြီး ဗီယက်နမ်နိုင်ငံရှိဒီဂျစ်တယ်နည်းပညာနှင့် စက်မှုလုပ်ငန်းများကို သွားရောက်လေ့လာသွားမည်ဖြစ်သည်။
ထို့အပြင် ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရများအကြား၊ လွှတ်တော်များအကြားနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ကိစ္စများ၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်း သိရသည်။
