




သက်တံ့
၃. ၉.၂၀၂၆
မြန်မာနိုင်ငံတွင် ပရိသတ်အားပေးမှုအများဆုံးဖြစ်သော မန်ချက်စတာယူနိုက်တက်အသင်း၏ ဂန္တဝင်ကစားသမား လေးဦး လာမည့် အောက်တိုဘာလကုန်တွင် မြန်မာနိုင်ငံမှ ပရိသတ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မန်ယူဂန္တဝင်လေးဦးမှာ ရွိုင်ယန်ဂစ်၊ အန်ဒါဆန်၊ ဒီမီတာ ဘာဘာတော့ဗ်နှင့် ပတ်ထရစ်အီဗရာတို့ ဖြစ်ပြီး အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အထိ Melia ဟိုတယ်တွင် ပရိသတ်များနှင့် တွေ့ဆုံပွဲကျင်းပမည်ဖြစ်ကြောင်း Legendary Players Meet and Greet လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
ကနဦးအစီအစဥ်များအရ အောက်တိုဘာ ၃၀ နှင့် ၃၁ ရက်နေ့တွင် မန်ယူကစားသမားများက မြန်မာနိုင်ငံရှိ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားများအတွက် အတွေ့အကြုံမျှဝေပွဲနှင့် ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်ကာ ပွဲဝင်ရောက်ခွင့်လက်မှတ်ဈေးနှုန်းနှင့် တွေ့ဆုံခွင့်လက်မှတ်ဈေးနှုန်းများကို မကြာခင်ထုတ်ပြန်မည်ဖြစ်ကြောင်း ကနဦး သိရသည်။
တွေ့ဆုံပွဲ နောက်ဆုံးနေ့ဖြစ်သော နိုဝင်ဘာ ၁ ရက်တွင်မူ အင်းလျားရိပ်သာဟိုတယ်ဝင်းရှိ YCC ခန်းမတွင် မန်ယူဂန္တဝင်လေးဦးအပြင် အဆိုတော်ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ လွှမ်းပိုင်၊ Lu Hpring ၊ ထွန်းထွန်း၊ ဝိုင်းစုခိုင်သိန်းနှင့် ရဲလေးတို့ သီဆိုဖျော်ဖြေမှုများဖြင့် ပရိသတ်နှင့် တွေ့ဆုံကြမည်ဖြစ်သည်။
