၃.၉.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ရုရှားသမ္မတ ဗလာဒီမာပူတင်အား အင်ဒိုနီးရှားသို့ လာရောက်လည်ပတ်ရန် စက်တင်ဘာလ ၃ ရက်တွင် ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ဆူဘီယန်တိုက “ရုရှားက ကျွန်တော့်ကို ပေးအပ်ခဲ့တဲ့ ဧည့်ဝတ်ကျေပွန်မှုကို ပြန်လည်ပေးအပ်ဖို့ မျှော်လင့်ပါတယ်၊ သမ္မတပူတင်နဲ့ ခင်ဗျားတို့ကို အင်ဒိုနီးရှားက ကြိုဆိုပါတယ်” ဟု အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF) ၏ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသည် မည်သည့်စစ်ရေးမဟာမိတ်အဖွဲနှင့်မျှ ပူးပေါင်းလိုခြင်းမရှိသော်လည်း စီးပွားရေး မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းရန် အသင့်ရှိနေကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ပြောကြားခဲ့သည်။
ယနေ့ခေတ်တွင် ကုန်သွယ်ရေးကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြပြီး ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းများ ပြောင်းလဲနေကာ အခြားငွေကြေးဆိုင်ရာစနစ်တစ်ခု လိုအပ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။
ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) သည် လူတိုင်းအတွက် ကြွယ်ဝချမ်းသာမှုရရှိရန် ရည်ရွယ်သည့် မိတ်ဖက်အဖွဲ့အစည်း၏ ဥပမာတစ်ခုဖြစ်ကြောင်း ပရာဘိုဝို ဆူဘီယန်တိုက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသမ္မတက မဟာဗျူဟာစီမံကိန်းများအတွက် ပူးတွဲငွေကြေးထောက်ပံ့မှုနှင့် EEF တွင် ရရှိခဲ့သော သဘောတူညီချက်များကို အနှစ်သာရအားဖြင့် အကောင်အထည်ဖော်ရန်လည်း တောင်းဆိုခဲ့သည်။
မော်စကိုနှင့် ဂျာကာတာတို့သည် အောင်မြင်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်သည်ဟု အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ပြောကြားခဲ့သည်။
ရုရှားနှင့် အင်ဒိုနီးရှားအကြား ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး နှစ်ဆတိုးရန် လိုအပ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။
“တစ်ဖက်၏ အားသာချက်များသည် အခြားတစ်ဖက်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ဤသည်မှာ တရားမျှတပြီး ရေရှည်တည်တံ့သော ကုန်သွယ်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ရလဒ်များသည် ဖြစ်နိုင်ချေရှိပြီးဖြစ်သည်။ ပြီးခဲ့သည့်နှစ် ၂၀၂၅ ခုနှစ်တွင် ကျွန်ုပ်တို့၏ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံသို့ ရောက်ရှိလာခဲ့သည်” ဟု သမ္မတက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနှင့် ယူရေးရှားစီးပွားရေးသမဂ္ဂအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်၏ ပထမအကြိမ် ပြန်လည်သုံးသပ်သည့်ကာလအတွင်း အင်ဒိုနီးရှားနှင့် ရုရှားတို့သည် ကုန်သွယ်မှုကို နှစ်ဆတိုးရန် ရှင်းလင်းသောစိန်ခေါ်မှု ချမှတ်ရေး ၎င်းက အဆိုပြုခဲ့သည်။
ဆူဘီယန်တိုက ရုရှားကုမ္ပဏီများအား အင်ဒိုနီးရှားတွင် လာရောက်ရင်းနှီးမြုပ်နှံ၍ လုပ်ငန်းလည်ပတ်ကြရန်လည်း တောင်းဆိုခဲ့သည်။
“ရုရှားစီးပွားရေးလုပ်ငန်းများကို တိုက်ရိုက်ပြောလိုသည်မှာ အင်ဒိုနီးရှားသို့ လာပါ၊ ကျွန်ုပ်တို့နှင့်အတူ လုပ်ကိုင်ပါ၊ ကျွန်ုပ်တို့နှင့်အတူ ထုတ်လုပ်ပါ။ ကျွန်ုပ်တို့အတူတကွ စက်မှုလုပ်ငန်းများ တည်ဆောက်ကြပါစို့၊ တန်ဖိုးကို အတူတကွ ဖန်တီးကြပါစို့” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref———Sputnik
