၃.၉.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်နှင့်အီရန်တို့၏စစ်ပွဲအတွင်း အရေးကြီးသောရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ အငြင်းပွားနေဆဲဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ဟော်မုဇ်ရေလက်ကြားကို ထရမ့်ပ် ရေလက်ကြား “Trump Strait” ဟု အမည် ပြောင်းလဲ ရန် စက်တင်ဘာလ ၂ ရက်တွင် အဆိုပြုခဲ့ကြောင်း သိရသည်။
ထရမ့်ပ်က “အခုအခါ အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီဆိုတော့ သူ့ရဲ့အမည်ကို ဟော်မုဇ်ရေလက်ကြားကနေ ထရမ့်ပ် ရေလက်ကြားလို့ အမည်ပြောင်းလဲသင့်တယ် မဟုတ်ဘူးလား။ ဒါမှမဟုတ်ရင် အမေရိကလိုပဲ အရင်ကထက် ‘ပိုပူ’ လာလိမ့်မယ်” ဟု ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ထရမ့်ပ်အနေဖြင့် နောက်ဆုံး ပထဝီဝင်ဒေသအမည်တစ်ခုအား ပြောင်းလဲရန်နောက်ဆုံး အကြိမ်အဆိုပြုမှုဖြစ်ပြီး ကနေဒါနှင့် ကုန်သွယ်ရေးစစ်ပွဲကြားအတွင်းတွင်ပင် အွန်တေရီယိုရေကန်ကို အမေရိကရေကန် “Lake America” အဖြစ် အမည်ပြောင်းလဲရန် အမိန့်ပေးပြီးနောက် တစ်ပတ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် သမ္မတရာထူးပြန်လည်ထမ်းဆောင်သည့် ပထမဆုံးနေ့တွင်ပင် ထရမ့်ပ်က မက္ကဆီကိုပင်လယ်ကွေ့ကိုလည်း အမေရိကပင်လယ်ကွေ့ “Gulf of America” အဖြစ် အမည်ပြောင်းလဲခဲ့သေးသည်။
သို့သော် မက္ကဆီကိုနှင့် ကနေဒါ နှစ်နိုင်ငံစလုံးကမူ ထရမ့်ပ်၏ ထိုသို့အမည် ပြောင်းလဲမှုများကို လက်ခံခြင်းမရှိကြကြောင်း သိရသည်။
ယခင်အမည်ပြောင်းလဲမှုအများအပြားတွင် အသက် ၈၀ အရွယ် အမေရိကန်သမ္မတ ထရမ့်ပ်က ရယ်စရာစကားများအဖြစ် စတင်ပြောခဲ့ပြီးမှ အမှန်တကယ်ဖြစ်လာစေရန် အမိန့်ပေးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထရမ့်ပ်က မကြာသေးမီရက်သတ္တပတ်များအတွင်း ဟော်မုဇ်ရေလက်ကြားအပေါ် ပိုင်ဆိုင်မှု အချုပ်အခြာအာဏာကို တောင်းဆိုရန် ခြိမ်းခြောက်မှုကို အကြိမ်ကြိမ်ဖိအားပေးခဲ့ပြီး ရေလမ်းကြောင်းကို အမေရိကန်၏ ပိုင်နက်နယ်မြေအသစ်အဖြစ်ပြသသည့် မြေပုံတစ်ခုကိုပင် တင်ခဲ့သည်။
သို့သော် အီရန်ကလည်း ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ထရမ့်ပ်က အစ္စရေးနှင့်အတူ စတင်ခဲ့သော စစ်ပွဲအတွက် လက်စားချေသည့်အနေဖြင့် ကမ္ဘာ့ရေနံ၏ ငါးပုံတစ်ပုံဖြတ်သန်းတင်ပိူ့ရာ ရေလက်ကြားကို ထိထိရောက်ရောက်ပိတ်ပစ်ခဲ့သည်။
အီရန်၏ မိုင်းထောင်ခြင်းဆိုင်ရာ ကြိုးပမ်းမှုအသစ်များကို တုံ့ပြန်ခြင်းဟု ထရမ့်ပ်က ပြောကြားကာ ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန်တပ်ဖွဲ့များက စက်တင်ဘာလ ၁ ရက်တွင် တိုက်ခိုက်မှုအသစ်များ ပြုလုပ်ပြီးနောက် ရေနံဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။
စက်တင်ဘာလ ၂ ရက်နှောင်းပိုင်းတွင် ထရမ့်ပ်က အီရန်အပေါ် အမေရိကန်က ပြန်လည်စတင်သော စစ်ဆင်ရေးသည် အလွန်ကြာရှည်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
ထရမ့်ပ်က အိမ်ဖြူတော်တွင် သတင်းထောက်များအား အီရန်သည် မိုင်းများကြဲချသည့် ဒုံးပျံတစ်ခု တည်ဆောက်ရန် ကြိုးစားနေပြီး အမေရိကန်က ၎င်းကို ဖျက်ဆီးလိုက်ပြီဟု ပြောကြားခဲ့သည်။ အီရန်က အမေရိကန်၏ တိုက်ခိုက်မှုများတွင် ပစ်မှတ်ထားခံခဲ့ရသည့် ၎င်း၏ ရေဒါနှင့် ဒုံးကျည်စနစ်များကို ပြန်လည်ထူထောင်ရန် လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
Ref———–Arab News
