MT News
၃. ၉. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသမှ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ကုန်များကို စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တပ်မတော်လေယာဉ် Y8 ဖြင့် ရန်ကုန်မြို့မှ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ Tribhuvan International Airport (KTM) သို့ သွားရောက်၍ လှူဒါန်းသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား အလှူငွေနှင့် စားသောက်ကုန်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် တာဝန်ရှိသူများက ထိုသို့ သွားရောက်ပေးအပ်လှူဒါန်းခြင်း ဖြစ်သည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ယခုလှူဒါန်းမှုသည် နီပေါပြည်သူများအပေါ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ၏ လူသားချင်း စာနာထောက်ထားမှုအရ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ သဘာဝဘေးသင့်ပြည်သူများ အမြန်ဆုံးပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိစေရေး ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့အတူ နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးက မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါ ကူညီထောက်ပံ့မှုများကို သဘာဝဘေးသင့် ပြည်သူများအတွက် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးထံ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသိန်းနှင့် ပဲ (၈)တန်ကို လွှဲပြောင်းပေးအပ်သည်။
အဆိုပါ ပေးအပ်လှူဒါန်းမှုတွင် မတ်ပဲ (၅)တန်နှင့် ကုလားပဲ (၃)တန်တို့ပါဝင်ပြီး နီပေါနိုင်ငံမှ သဘာဝဘေးသင့်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်သည့်အခါ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိပြီး နိုင်ငံများအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် လူသားချင်းစာနာမှု ပိုမိုခိုင်မာစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
