၃.၉.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေလှောင်တမံသည် စက်တင်ဘာ ၃ ရက်၊ နံနက် ၆ နာရီတိုင်းထွက်ချက်အရ တမံ၏ရေပိုလွှဲမှ ၂ ပေ ၃ လက်မခန့် ရေကျော်စီးဆင်းနေကြောင်း အသိပေးထုတ်ပြန်မှုအရ သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ငမိုးရိပ်ရေလှောင်တမံ Facebook Page မှ အများပြည်သူသိရှိနိုင်ရန် ရေကျော်စီးဆင်းမှုအခြေအနေများကို နေ့စဉ်ထုတ်ပြန်ပေးနေခြင်းဖြစ်ပြီး စက်တင်ဘာ ၂ ရက်တွင် ၂ ပေ ၂ လက်မခန့် ရေကျော်စီးဆင်းခဲ့ရာ ယနေ့တွင် တစ်လက်မခန့်မြင့်တက်စီးဆင်းနေကြောင်း သိရသည်။
ငမိုးရိပ်ရေလှောင်တမံသည် ၂၄ နာရီအတွင်း ၄၂၀၀ ဧကပေ ရေစုဆောင်းရရှိမှုခဲ့ရာ တမံရေပိုလွှဲမှ ရေ ၂ ပေ ၃ လက်မ ရေကျော်စီးဆင်းနေပြီး ရေပိုလွှဲရေထုစီးဆင်းနှုန်းမှာ ၁၈၉၀.၀၀ ကုဗပေ/စက္ကန့်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲသည် ဩဂုတ် ၂၈ ရက်၊ နေ့လယ် ၁၂ နာရီက စတင်၍ ရေကျော်စီးဆင်းခဲ့ပြီး ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ခြောက်ရက်တာကာလအတွင်း မိုးရေချိန်စုစုပေါင်း ၈ ဒသမ ၈ လက်မ မိုးရွာသွန်းခဲ့ကြောင်း ငမိုးရိပ်ရေလှောင်တမံက ထုတ်ပြန်ထားသည်။
ထို့ပြင် ငမိုးရိပ်တမံအတွင်းရေဝင်ရောက်မှု ရေဧကပေ (၄၀၀၀၀) ခန့်ရှိခဲ့ကာ ရေပိုလွှဲမှ စီးထွက်သည့်ရေဧကပေ (၁၁၀၃၅) ရှိပြီး တမံအတွင်း ရေဧကပေ (၂၄၂၀၀)ကို ရေပြည့်အမှတ်အထက်တွင် ခေတ္တပိုမို သိုလှောင်ထိန်းသိန်းပေးထားကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ငမိုးရိပ်ရေလှောင်တမံ၏ ကြံ့ခိုင်မှုအခြေအနေ၊ ရေဝင်ရောက်မှုအခြေအနေနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေဦးဌာန ညွှန်ကြားရေးမှူးချုပ်သည် စက်တင်ဘာ ၂ ရက်က လာရောက်စစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူးလည်း ငမိုးရိပ်ရေလှောင်တမံသို့ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။






