၃.၉.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မင်နီးပိုလီးစ် ပြည်နယ်၌ မင်နီးပိုလီးစ်မြို့လယ်ရှိ တိုက်ခန်းတွဲတစ်ခုတွင် စက်တင်ဘာလ ၂ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ပစ်ခတ်သူသေနတ်သမားဟု သံသယရှိသူ အပါအဝင် လူသုံးဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မင်နီးပိုလီးစ် ရဲတပ်ကြပ်ကြီး ဂါရက် ပါတန်က ဖြစ်ရပ်တွင် ပစ်ခတ်မှုများ၌ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့တွင် မင်နီးပိုလီးစ် ရဲအရာရှိသုံးဦးလည်းပါဝင်ကြောင်း၊ နှစ်ဦးမှာသေနတ်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆေးရုံပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ သုံးဦးစလုံးမှာ တည်ငြိမ်သော အခြေ အနေတွင်ရှိကြောင်း စက်တင်ဘာလ ၂ ရက်ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သေဆုံးသူတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကာ နောက်တစ်ဦးမှာ ဟန်နီပင်ခရိုင် ဆေးရုံသို့ ပိုဆောင်ပြီးနောက် သေဆုံးသွားကြောင်း ပါတန်က ပြောကြားခဲ့သည်။
မင်နီးပိုလီးစ် ရဲတပ်ဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၄:၃၀ (၂၁း၃၀ GMT) ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခဲ့ကာ ပြည်သူများအား ထိုနေရာမှ ဝေးဝေးနေရန် တိုက်တွန်းခဲ့သည်။ Hennepin Healthcare ဆေးရုံက ဒဏ်ရာရရှိသူ လူနာခုနစ်ဦး ဆေးရုံသို့ ရောက်ရှိလာ ကြောင်းပြောခဲ့သည်။
ပစ်ခတ်မှု ဖြစ်ပွားရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ဒေသခံ အာဏာပိုင်များနှင့် ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးဗျူရို (FBI) တို့က ဖြစ်ရပ်တွင် တုံ့ပြန်ဆောင်ရွက်နေကြ ကြောင်း သိရသည်။ သေနတ်သမား၏ အမည်နှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပြန်ခြင်း မရှိသေးပေ။
FBI သည် ပစ်ခတ်မှုကို တုံ့ပြန်နေပြီး “ဒေသဆိုင်ရာ အာဏာပိုင်များကို ကူညီရန် လိုအပ်သော အရင်းအမြစ်အားလုံးကို ပေးဆောင်သွားမည်” ဟု ဒါရိုက်တာ ကက်ရှ် ပါတယ်လ်က လူမှုကွန်ရက် X တွင် ပြောကြားခဲ့သည်။
Ref———DW News

