သက်တံ့
၃. ၉. ၂၀၂၆
အမြန်လမ်းတွင် ယမန်နေ့ကဖြစ်ပွားခဲ့သော ခရီးသည်တစ်ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရခဲ့သည့် မိဘဂုဏ်ခရီးသည်တင်ယာဥ် တိမ်းမှောက်မှုမှာ သတ်မှတ်ကီလိုထက် ကျော်လွန်မောင်းနှင်သည့်အပြင် တယ်လီမက်တစ်စင်တာမှ ဖုန်းဆက်သတိပေးမှုကိုပါ လိုက်နာခြင်းမရှိ၍ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ယမန်နေ့ စက်တင်ဘာ ၂ ရက် နေ့လယ် ၂ နာရီခန့်က ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၁၃/၆ နှင့် ၁၃/၇ ကြား မန္တလေးမှနေပြည်တော်သို့အသွားလမ်းတွင် ယာဉ်မောင်းပါ အမျိုးသား (၁၅)ဦး၊ အမျိုးသမီး (၁၀)ဦး စုစုပေါင်း (၂၅)ဦး လိုက်ပါလာသည့် 9Q/7566 မိဘဂုဏ် ခရီးသည်တင်ယာဉ်သည် ရှေ့တွင်မောင်းနှင်နေသောယာဉ်အား လက်ယာဘက်ယာဥ်ကြောက ကျော်တက်စဉ် အခင်းဖြစ်နေရာမရောက်မီ ပေ ၃၀၀ ခန့်အလိုတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်မြေသားလမ်းပေါ်ရောက်ရှိပြီး Guard Rail များနှင့်တိုက်မိကာအခင်းဖြစ်နေရာအရောက်တွင် လမ်းအပြည့်ကန့်လန့်ဖြတ်တိမ်းမှောက်ခဲ့သောယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့သည်။

တယ်လီမက်တစ် စောင့်ကြည့်စစ်ဆေးမှု အချက်အလက်များအရ အဆိုပါကားသည် မိုင်၉/၃တွင် သတ်မှတ်ကီလိုထက် ကျော်လွန်မောင်းနှင်သဖြင့် တယ်လီမက်တစ်ထိန်းချုပ်စင်တာမှ ဖုန်းဆက်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ မိုင် ၁၃/၅ခန့်တွင် တစ်နာရီ ၁၀၂ ကီလိုမီတာ (၁၀၂ km/h) နှုန်းဖြင့်ဆက်လက်မောင်းနှင်ခဲ့သောကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ယင်းဖြစ်စဥ်ကြောင့် ယာဥ်ကြောနှစ်ခုလုံးပေါ်၌ ယာဥ်ကန့်လန့်လဲကျသဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပွါးခဲ့၍ ကရိန်းဖြင့် ကားအား ဖယ်ရှားခဲ့ရပြီး မိုင် ၁၂/၅ ဂငယ်ကွေ့ မှ ၁၅/၅ ဂငယ်ကွေ့ အကြား အပြန်လမ်းမှ ယာဉ်နှစ်လမ်းသွားနိုင်ရန်ယာယီဆောင်ရွက်ခဲ့ရသော်လည်း ညနေ ၆ နာရီ မိနစ် ၂၀ တွင် ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ်သည်။

ဖြစ်စဉ်ကြောင့်ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါခရီးသည်များ ဒဏ်ရာမစိုးရိမ်ရ (၁၉)ဦး၊ စိုးရိမ်ရ (၃)ဦးနှင့် သေဆုံး (၁)ဦး ထိခိုက်ခဲ့ပြီး Guard Rail (၁၂၀ပေ)ခန့် နှင့် လမ်းပခုံးမြေသားလမ်း (၁၅၀)ပေခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
အမြန်လမ်းအသုံးပြုသောယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းနှင်နေစဉ် လုမောင်းခြင်း၊ပြိုင်မောင်းခြင်း၊ ဖုန်းပြောခြင်း၊ စာတို SMS ပို့ခြင်း၊ လူမှုကွန်ရက်/အင်တာနက်သုံးခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ကွမ်းထွေးခြင်း စသည့် စိတ်အာရုံပျံ့လွင့်စေသော အပြုအမူများ မလုပ်ကြပါရန်၊မိမိယာဉ်၏ ကြံ့ခိုင်မှု၊ တာယာပန်းရှိမှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်၊ မိုးရွာနေချိန်/ ညအချိန်များတွင် အရှိန်လျှော့ချ မောင်းနှင်ကြပါရန်နှင့် ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့အထူးသတိပေးထားသည်။
