သက်တံ့
၂. ၉. ၂၀၂၆
ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်တွင် ဧကရာဇ်ခရီးသည်တင်ယာဥ် ချောက်ထဲပြုတ်ကျရာက ခရီးသည် အမျိုးသမီးတစ်ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရမှု ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၁ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်အချိန်က ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ် ၅၅၅ ဒသမ ၅ ကီလိုမီတာနှင့် ၅၅၆ ကီလိုမီတာကြား ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဧကရာဇ် Express ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ (၅၀)ခန့် အနက်ရှိချောက်ထဲသို့ကျသွားခဲ့ကြောင်းသိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁၃)ဉီး၊ အမျိုးသမီး (၉)ဦး၊ ယာဉ်မောင်း(၂)ဦး၊ ယာဉ်နောက်လိုက်(၂)ဦး၊ ယာဉ်မယ်(၁)ဦး၊ ယာဉ်မောင်(၁)ဦး ၊ စုစုပေါင်း (၂၈)ဦး အနက် အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး (၈)ဦးတို့ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီး (၁) ဦး သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဥ်ကို မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကာ သေဆုံး ဒဏ်ရာရသူများအား တုံတာလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
