MT News
၂. ၉. ၂၀၂၆
တောင်ငူမြို့တွင် ငွေကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ဩဂုတ်လ ၃၀ ရက် နေ့လယ် ၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ငူမြို့၊ အမှတ်(၂၂) ရပ်ကွက်အနီးတွင် ပန်းအောင်(ခ)အောင်ပေနှင့် မနော်ဌေးဌေးစိုးတို့အား Toyota Ipsum အမျိုးအစား မော်တော်ယာဉ်နှင့် Toyota Alphard အမျိုးအစား မော်တော်ယာဉ်တို့နှင့်အတူ ဘိန်းဖြူ အလေးချိန် ၆.၃၄ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂,၂၁၉ သိန်း)၊ စိတ်ကြွဆေးပြား ၈၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂၁၅ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပန်းအောင်(ခ)အောင်ပေ(၃၉)နှစ် နှင့် မနော်ဌေးဌေးစိုး (၂၀)နှစ်တို့အား တောင်ငူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
