သက်တံ့
၂. ၉. ၂၀၂၆
နိုင်ငံနှင့် နယ်မြေ ၆၀ မှ ကမ္ဘာလှည့်ခရီးသွားများအတွက် ထိုင်းနိုင်ငံအတွင်းသို့ ဗီဇာမလိုဘဲ ရက် ၃၀ အထိ ဝင်ရောက်နေထိုင်ခွင့်ပြုသည့် နောက်ဆုံးရ ဗီဇာကင်းလွတ်ခွင့် စာရင်းကို ထိုင်းနိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည်။
ဇူလိုင် ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ အတည်ပြုချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုပါ ထုတ်ပြန်ချက်ကို ဩဂုတ် ၃၁ ရက်နေ့တွင် Royal Gazette ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။ အမျိုးသားလုံခြုံရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့ကို ထည့်သွင်းစဉ်းစားကာ လက်ရှိအခြေအနေများနှင့် ကိုက်ညီစေရန်အတွက် ယခုစာရင်းကို ပြင်ဆင်မွမ်းမံထားခြင်းဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။
ယခု ထုတ်ပြန်ချက်အသစ်သည် ၂၀၁၉ ခုနှစ် မတ် ၄ ရက်နှင့် ၂၀၂၂ ခုနှစ် ဇွန် ၂၁ ရက်တို့တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ဟောင်းများကို အစားထိုးလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်အရ အဆိုပါ နိုင်ငံနှင့် နယ်မြေ ၆၀ မှ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) အသိအမှတ်ပြု နိုင်ငံကူးလက်မှတ် အစားထိုးစာရွက်စာတမ်း ကိုင်ဆောင်ထားသူများသည် ဗီဇာရယူရန်မလိုဘဲ ခရီးသွားလုပ်ငန်းအတွက် ခဏတာ ဝင်ရောက်နိုင်ပြီး ရက် ၃၀ အထိ နေထိုင်ခွင့်ရမည်ဖြစ်သည်။
အဆိုပါနိုင်ငံများမှာ ဩစတြေးလျ၊ ဩစတြီးယား၊ ဘာရိန်း၊ ဘယ်လ်ဂျီယံ၊ ဘူဂေးရီးယား၊ ဘူတန်၊ ဘရူနိုင်း၊ ကနေဒါ၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖီဂျီ၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိုက်စလန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာဂျစ္စတန်၊ လတ်ဗီးယား၊ လစ်ခ်တန်စတိုင်၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မော်လ်တာ၊ မလေးရှား၊ မော်လဒိုက်၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ အိုမန်၊ ဖိလစ်ပိုင်၊ ပိုလန်၊ ပေါ်တူဂီ၊ ကာတာ၊ ရိုမေးနီးယား၊ ဆော်ဒီအာရေးဗီးယား၊ စင်ကာပူ၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊ တောင်အာဖရိက၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တူရကီ၊ ယူကရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဗြိတိန်နှင့် အမေရိကန်တို့ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဆေးရှဲလ် (Seychelles) နှင့် မောရစ်ရှရပ်စ် (Mauritius) နိုင်ငံတို့မှ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) အသိအမှတ်ပြု စာရွက်စာတမ်း ကိုင်ဆောင်ထားသည့် ခရီးသွားများအတွက်မူ သီးခြား ဗီဇာကင်းလွတ်ခွင့်အဖြစ် ၁၅ ရက်အထိ ခွင့်ပြုပေးထားသည်။
တစ်ချိန်တည်းမှာပင် ဖူးခက်နှင့် ကော့စမွီတို့တွင် ခရီးသွားအချို့၏ အနှောင့်အယှက်ဖြစ်စေသော ပြုမူနေထိုင်မှုများ ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ပြဿနာရှာခြင်း သို့မဟုတ် မသင့်တော်ဘဲ ပြုမူနေထိုင်ခြင်းတွေ့ရှိရသည့် နိုင်ငံခြားသားခရီးသွားများ၏ ကမ္ဘာလှည့်ဗီဇာကို ပြန်လည်ရုပ်သိမ်းမည့် မူဝါဒကိုလည်း ထိုင်းအစိုးရက အတည်ပြုခဲ့သည်။
Ref: Thaiger
