သက်တံ့
၂. ၉. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ လုံခြုံရေးတင်းကြပ်ထားသော တီဟာ (Tihar) အကျဉ်းထောင်တွင် အမေရိကန် ကြေးစားစစ်သားဟောင်း Matthew VanDyke သည် သီးခြားခွဲထားခံရပြီး အကျဉ်းသားများရရှိသင့်သည့် အခြေခံရပိုင်ခွင့်များ ငြင်းပယ်ခံထားရသည်ဟု စွပ်စွဲကာ ၎င်းအား ကူညီပေးရန် အမေရိကန် နိုင်ငံခြားရေးဌာနသို့ မိသားစုက တောင်းဆိုလိုက်သည်။
“Matthew VanDyke ဟာ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရဲ့ တီဟာအကျဉ်းထောင် (၈/၉) မှာ အခြေခံရပိုင်ခွင့်တွေ ငြင်းပယ်ခံထားရပြီး သီးခြားခွဲထားခံနေရတာကြောင့် အမေရိကန်အစိုးရအနေနဲ့ သံတမန်ရေးအရ အရေးပေါ် ဝင်ရောက်ကူညီပေးဖို့ မိသားစုက တောင်းဆိုပါတယ်။ Matthew VanDyke ကို အိမ်ပြန်ခေါ်ရမယ့်အချိန် ရောက်ပါပြီ” ဟု Matthew VanDyke ၏ လူမှုကွန်ရက် X အကောင့်မှတစ်ဆင့် မိသားစုက ရေးသားဖော်ပြခဲ့သည်။
အသက် ၄၇ နှစ်အရွယ် VanDyke သည် ၂၀၂၆ ခုနှစ် ဧပြီလကတည်းက တီဟာအကျဉ်းထောင် (၈/၉) တွင် ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ ၎င်းကို အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ယူကရိန်းနိုင်ငံသားစစ်ပြန်အချို့နှင့်အတူ လွန်ခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (UAPA) ပုဒ်မ ၁၈ (အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်စပ်သည့် ပူးပေါင်းကြံစည်မှု) ဖြင့် တရားစွဲဆိုထားသည်။

VanDyke သည် အိန္ဒိယ-မြန်မာနယ်စပ်တွင် လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့များ၊ ချင်းလက်နက်ကိုင်များ၊ KIA နှင့် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA တို့ကို စစ်ရေးနည်းဗျူဟာနှင့် ဒရုန်းသင်တန်းများ ပေးခဲ့သည်ဟု အိန္ဒိယအာဏာပိုင်များက စွပ်စွဲထားသော်လည်း ၎င်း၏မိသားစုနှင့် ဥပဒေအကျိုးဆောင်အဖွဲ့က အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
◾️ မိသားစု၏ စိုးရိမ်ပူပန်မှု
ထိန်းသိမ်းခံထားရစဉ်အတွင်း VanDyke ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ကြောင်း မိသားစုက ပြောကြားခဲ့ပြီး အာဏာပိုင်များအနေဖြင့် ၎င်း၏ အခြေခံလိုအပ်ချက်များ ရယူပိုင်ခွင့်နှင့် မိသားစုနှင့် ပုံမှန်ဆက်သွယ်ခွင့်တို့ကို ကန့်သတ်ထားကြောင်း စွပ်စွဲထားသည်။ ထို့အပြင် ၎င်း၏ အကျဉ်းထောင်တွင်း အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် ကောင်စစ်ဝန်ရုံးမှ ပိုမိုပါဝင်ဆောင်ရွက်ပေးရန်နှင့် အစိုးရ၏ ဝင်ရောက်စွက်ဖက်ပေးမှုကိုလည်း မိသားစုက လိုလားနေသည်။ ၎င်း၏ ရှေ့နေများဖြစ်ကြသည့် Rohit Dandriyal နှင့် Rohit Gour တို့ကလည်း VanDyke ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ဒေလီတရားရုံးတွင် စိုးရိမ်ကြောင်း တင်ပြခဲ့ကြသည်။
တရားရုံးသို့ တင်ပြချက်များအရ VanDyke သည် ပုံမှန်ထောင်စာကို စားသောက်ရန် ခက်ခဲသောကြောင့် ရေရှည် အစာငတ်ခံဆန္ဒပြခဲ့ပြီးနောက် အလေးချိန် ၁၄ ကီလိုဂရမ် (ပေါင် ၃၀ ခန့်) ကျဆင်းသွားခဲ့ကြောင်း ခုခံချေပသူ ရှေ့နေများက ဆိုသည်။
ယင်းနောက် ဒေလီတရားရုံးက VanDyke အား သီးသန့်သက်သတ်လွတ် အစားအစာ ပြင်ဆင်ပေးရန်၊ စောင့်ကျပ်ကြည့်ရှုသူအောက်တွင် ချက်ပြုတ်ခွင့်ပြုရန်၊ လျှပ်စစ်ရေနွေးအိုး ထောက်ပံ့ပေးရန်နှင့် ခြင်အန္တရာယ်မှ ကာကွယ်ပေးရန် တီဟာအကျဉ်းထောင် အာဏာပိုင်များကို ညွှန်ကြားခဲ့သည်။
သို့သော်လည်း ကြန့်ကြာမှုများနှင့် ကန့်သတ်ချက်များကြောင့် ၎င်းအနေဖြင့် သင့်တော်သည့် အစားအစာ၊ ဆေးဝါးကုသမှု၊ မိသားစုနှင့် ပုံမှန်ဆက်သွယ်ခွင့်နှင့် ကောင်စစ်ဝန်ရုံး၏ အကူအညီများရရှိရန် အခက်အခဲများ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း မိသားစုက စွပ်စွဲထားသည်။
◾️ VanDyke ကို အကျဉ်းထောင်အတွင်း စစ်ဆေးမေးမြန်းရန် NIA ကို ခွင့်ပြု
VanDyke အား စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေစဉ် ယခုကဲ့သို့ သံတမန်ရေးရာ ဝင်ရောက်ကူညီရန် တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ဒေလီအထူးတရားရုံးက NIA စုံစမ်းစစ်ဆေးရေးမှူးများအား တီဟာအကျဉ်းထောင်အတွင်း ဝင်ရောက်၍ VanDyke နှင့် ပူးတွဲတရားခံ Kaminskyi Viktor တို့ကို စစ်ဆေးမေးမြန်းရန် ခွင့်ပြုထားသည်။
အိန္ဒိယအာဏာပိုင်များကမူ ယခုအမှုသည် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာ ကိစ္စရပ်များနှင့် ဆက်စပ်နေကြောင်း ပြောကြားထားသည်။ မီဇိုရမ်-မြန်မာနယ်စပ်အနီး လှုပ်ရှားနေသည့် သောင်းကျန်းသူအဖွဲ့များကို နိုင်ငံခြားသားများက စစ်ရေးနှင့် ဒရုန်းသင်တန်းများ ပေးခဲ့ခြင်းဖြစ်ကြောင်း NIA က စွပ်စွဲထားသည်။
Ref: FP News Desk


