၂.၉.၂၀၂၆
Written by Linn Eain
အောက်ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲမှ စက်တင်ဘာ ၂ ရက်၊ နေ့လယ် ၁၂ နာရီတွင် ၉၉၈၇ ကုဗပေ/စက္ကန့်(၆ ပေခန့်) ရေကျော်စီးဆင်းလျက်ရှိသော်လည်း တမံနှင့်ရေပိုလွှဲ ကြံ့ခိုင်မှုကောင်းမွန်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
အောက်ပေါင်းလောင်းတမံ ရေပိုလွှဲမှ ၂၀၂၄ ခုနှစ်တွင် ရေထုစီးနှုန်း ၅၆၆၈၁ ကုဗပေ/စက္ကန့်(အများဆုံး) ရေကျော်စီးဆင်းခဲ့ရာ ယခု စက်တင်ဘာ ၂ ရက်၊ နံနက် ၆ နာရီတွင် ၇၅၅၉ ကုဗပေ/စက္ကန့်(၄ ဒသမ ၉၂ ပေ) ရေကျော်စီးဆင်းခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီတွင် ၉၉၈၇ ကုဗပေ/စက္ကန့် (၆ ပေခန့်) ရေကျော်စီးဆင်းလျက်ရှိပြီး ဝင်ရေအခြေအနေပေါ်မူတည်၍ ထိန်းညှိထုတ်လွှတ်ပေးနေသဖြင့် ပေါင်းလောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှုအတွက် စိုးရိမ်စရာမရှိကြောင်းနှင့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည်ဖြစ်ကာ တမံနှင့်ရေပိုလွှဲ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။


ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စက်တင်ဘာ ၁ ရက်က နေပြည်တော်ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံသို့ သွားရောက်၍ တမံအတွင်းရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှရေကျော်စီးဆင်းမှုများကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တမံလုံခြုံရေးနှင့် တမံဘေးကင်းလုံခြုံမှုအချက်ပြ အလံလွှင့်ထူမှုစနစ်ဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အောက်ပေါင်းလောင်းရေလှောင်တမံသည် လက်ရှိတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) ၁၀ ရွက် ဖွင့်ထားပြီး စီးဝင်ရေနှင့် သိုလှောင်ရေကို ဟန်ချက်ညီထိန်းသိမ်းဆောက်ရွက်လျက်ရှိသကဲ့သို့ ပေါင်းလောင်းရေလွှဲဆည် (အဝေရာရေလွှဲဆည်) မှတစ်ဆင့် ရေလမ်းကြောင်း ထိန်းညှိဆောင်ရွက်နေခြင်းကြောင့် ရေဝေရေလဲဒေသနှင့် စစ်တောင်းမြစ်တစ်လျှောက်တွင် ထူးကဲသည့် မိုးသည်းထန်စွာ ရွာသွန်းမှုမရှိပါက ရေကြီးရေလျှံမှုဖြစ်ပေါ်ရန်မရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ဆက်လက်၍ အောက်ပေါင်းလောင်း ရေလှောင်တမံအနေဖြင့် တည်ဆောက်အသုံးပြုခဲ့သည့် ၂၁ နှစ်တာကာလအတွင်း ရေပိုလွှဲမှ (၁၈) ကြိမ် ရေကျော်စီးဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေပိုလွှဲမှ အမြင့် ၁၁ ပေကျော်အထိ ရေကျော်စီးဆင်းခဲ့ပြီး ဒေသတွင်း ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရသော်လည်း လက်ရှိအခြေအနေအရဒေသ၏ ဘေးကင်းလုံခြုံမှုနှင့် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် ရေလှောင်တမံသည် မူလကန်ရေပြည့် ရေလှောင်ပမာဏ ၅ ဒသမ ၄၉ သိန်း ဧကပေရှိပြီး ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တံခါးရွက် ၂၀ တပ်ဆင်၍ ရေလှောင်ပမာဏဧကပေ ၂၁၀၀၀ ခန့် ပိုမိုသိုလှောင်နိုင်ခြင်းကြောင့် နှစ်စဉ် ရေအားလျှပ်စစ် ယူနစ်ရှစ်သန်းပိုမိုထုတ်လုပ်ကာ စုစုပေါင်းရေအားလျှပ်စစ်ယူနစ် ၉၁၉ သန်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ရေသိုလှောင် ပမာဏများပြားသော တမံများ၏ အခြေအနေကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လူမှုမီဒီယာများမှ အချိန်နှင့်တစ်ပြေးညီ အသိပေးလျက်ရှိကြောင်း သိရသည်။


