သက်တံ့
၂. ၉. ၂၀၂၆
မလေးရှားနိုင်ငံ၊ ပီနန်အပြည်ပြည်ဆိုင်ရာလေဆိပ် အိမ်သာအတွင်း မွေးကင်းစ ကလေးငယ် ယောကျ်ားလေးတစ်ဦး ယနေ့ တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ မလေးရှားအမျိုးသမီးတစ်ဦးနှင့် မြန်မာအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ကလေးငယ်အား အိမ်သာအတွင်းရှိ အမျိုးသမီးသုံး အမှိုက်ပုံးအတွင်းမှ အသက်ရှင်လျက် အခြေအနေဖြင့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ငိုသံကြား၍ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Barat Daya ရဲတပ်ဖွဲ့မှူး Anuwal Ab Wahab က ပြောကြားခဲ့ပြီး လက်ရှိတွင် ကလေးငယ်အား ဆေးကုသမှုပေးနိုင်ရန် ပီနန်ဆေးရုံသို့ ပို့ဆောင်ထားသည်။
“စုံစမ်းစစ်ဆေးမှုတွေနဲ့ စီစီတီဗီ (CCTV) မှတ်တမ်းတွေကို စစ်ဆေးကြည့်ရှုပြီးနောက် စုံစမ်းစစ်ဆေးမှုကို အထောက်အကူပြုနိုင်ဖို့အတွက် အသက် ၂၃ နှစ်အရွယ် မလေးရှားအမျိုးသမီးတစ်ဦးကို Kompleks Bukit Jambul မှာ ဖမ်းဆီးရမိခဲ့ပါတယ်” ဟု Anuwal က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် “ဆက်လက်စုံစမ်းစစ်ဆေးမှုတွေအရ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ပြီး အဆိုပါအမျိုးသားသည် တရားဝင် ခရီးသွားလာခွင့် အထောက်အထားများလည်း ပြသနိုင်ခြင်းမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းအမှုကို ကလေးငယ်အား စွန့်ပစ်မှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိပြီး မြန်မာအမျိုးသားနှင့် မလေးရှားအမျိုးသမီးအကြား ဆက်စပ်ပုံ၊ သံသယတရားခံအဖြစ် ဖမ်းဆီးမှု အခြေအနေများမှာ ဆက်လက်ထုတ်ပြန်လာခြင်းမရှိသေးပေ။
Ref: FMT
