၂.၉.၂၀၂၆
Translated by Htwe Ko Tun
အီဂျစ်နိုင်ငံအတွင်း တောင်ပိုင်းဆိုင်းနိုင်းကျွန်းဆွယ်တွင် စက်တင်ဘာလ ၂ ရက်က ဘတ်စ်ကားတစ်စီး မတော်တဆမှု ဖြစ်ပွားခဲ့ရာ လူ ၁၆ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
တောင်ပိုင်းဆိုင်းနိုင်းကျွန်းဆွယ်ဒေသမှာ ပင်လယ်နီတွင် ရေငုပ်ခြင်းနှင့် အသက်ရှုပိုက်ဖြင့် ရေငုပ်ခြင်းအတွက် ခရီးသွားလုပ်ငန်းဆွဲဆောင်ရာနေရာတစ်ခုအဖြစ် ရေပန်းစားသည်။
ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်အရ မတော်တဆမှုသည် ဒါဟပ်-နျူဝေဘာ လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယာဉ်မတော်တဆမှုတွင် သေဆုံးဒဏ်ရာရသူများ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်နိုင်ငံသားများဖြစ်သည်ကို ထုတ်ပြန်မှုမရှိသေးပေ။
ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ သူနာတင်ယာဉ် အစီး ၂၀ ချက်ချင်းရောက်လာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဩဂုတ်လကလည်း အီဂျစ်နိုင်ငံ အစ္စမေးလီးယား ပြည်နယ်တွင် ယာဉ်မတော်တဆမှုတစ်ခုကြောင့် လူ ၁၅ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
Ref-AFP
