၂.၉.၂၀၂၉
Written by KL
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ရန်ကုန်- မန္တလေးလမ်းဟောင်း ရွှေဘိုလေးကွေ့တွင် ယမန်နေ့ကဖြစ်ပွားခဲ့သော ဆီဘောက်ဆာယာဥ်မီးလောင်မှုမှာ တွဲကားပေါ်မှ ကွန်တိန်နာယာဥ်ပြုတ်ကျပြီး ဆီဘောက်ဆာယာဥ် အလယ်ပိုင်းကို ရိုက်မိရာမှ မီးစလောင်ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ ၁ ရက်နေ့၊ နံနက် ၆ နာရီခန့်က မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသော NISSAN အမျိုးအစား လိမ္မော်ရောင် ကွန်တင်နာယာဉ်နှင့် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော Dongfeng ဂါလန် (၉၆၀၀) ဆံ့ အဖြူရောင် ဆီဘောက်ဆာယာဉ်တို့မှာ လမ်းကွေ့အရောက်တွင် လိမ္မော်ရောင်တွဲကားယာဉ်၏ ကွန်တိန်နာပြုတ်ကျသဖြင့် ဆီဘောက်ဆာယာဉ်၏ အလယ်ပိုင်းကိုရိုက်မိကာ ဆီဘောက်ဆာယာဉ် မီးစတင်လောင်ကျွမ်းခဲ့သည်။
ယင်းနောက် ဖိတ်ကျလာသော လောင်စာဆီများက လမ်းတစ်ဖက်ရှိ ရန်အောင်ဆုတောင်းပြည့် ဘုန်းကြီးကျောင်းထဲသို့ စီးကျကာ တစ်ထပ်ကျောင်းဆောင်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုကြောင့် ဂါလန် ၉၆၀၀ ဆံ့ ဆီဘောက်ဆာယာဉ် ၁ စီးနှင့် ယာဥ်အတွင်း သယ်ဆောင်လာသော ပရီမီယံဒီဇယ်၊ 92 ဓာတ်ဆီ၊ 95 ဓာတ်ဆီနှင့် ဒီဇယ်အပါအဝင် ဆီဂါလန် ၈၆၀၀၊ အလျား ပေ ၂၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ကျောင်းဆောင် မီးလောင်ကာ ကျပ်သိန်း ၈၅၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဆီဘောက်ဆာယာဥ်မီးလောင်မှုကြောင့် အသက် ၂၇နှစ်အရွယ် ကိုလွင်ချစ်ရှိုင်း ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ ၂၈၅ ဖြင့် တောင်ငူမြို့အမှတ် (၁) ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။







