၂.၉.၂၀၂၆
Translated by Htwe Ko Tun
အီရန်နိုင်ငံတောင်ပိုင်း၊ ဟော်မိုဇ်ဂန်ပြည်နယ်၊ ဆီရစ်ခရိုင်၊ ကူဟက်စတက်မြို့ရှိ လူနေအိမ်တစ်လုံးတွင် စက်တင်ဘာလ ၁ ရက်က မင်္ဂလာပွဲတစ်ခုကျင်းပနေစဉ် အမေရိကန်၏ဒုံးကျည်တစ်စင်းက အဆိုပါအိမ်ကိုထိမှန်ခဲ့ရာ မင်္ဂလာပွဲတက်ရောက်နေသူ ကလေးငယ်တစ်ဦး အပါအဝင် လူလေးဦးသေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်က ပြောကြားခဲ့သည်။
အီရန် လခြမ်းနီအသင်းက အမေရိကန်ဒုံးကျည်တိုက်ခိုက်မှုမှ ဗုံးဆန်များသည် မင်္ဂလာပွဲကျင်းပရာ လူနေအိမ်ကို ထိမှန်ခဲ့သည်ဟု လူမှုကွန်ရက် X တွင် ပို့စ်တစ်ခု၌ ပြောကြားခဲ့သည်။

အီရန်အစိုးရအကောင့်တစ်ခုမှ မျှဝေထားသော ဗီဒီယိုတစ်ခုတွင် ကူဟက်စတက်မြို့ရှိ မင်္ဂလာပွဲကျင်းပရာ နေရာတွင် အမေရိကန်၏တိုက်ခိုက်မှုအပြီး အပျက်အစီးများနှင့် ထိခိုက်မှုများကို ပြသထားပြီး နောက်ခံတွင် လူများ အော်ဟစ်သံများကို ကြားရသည်။
တောင်ပိုင်း ဆီရစ်ခရိုင်က မဟာဗျူဟာကျသော ဟော်မုဇ်ရေလက်ကြားတစ်လျှောက်တွင် တည်ရှိသည်။
အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားရှိ ကုန်သွယ်ရေးသင်္ဘောများနှင့် ဒေသတွင်းတွင် တပ်ဖြန့်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် အီရန်တော်လှန်ရေးအစောင့်တပ်များကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည်။
သို့သော် ဆီရစ်ခရိုင်တွင် အမေရိကန်က မည်သည့်အရာကို ပစ်မှတ်ထားခဲ့ကြောင်း ချက်ချင်းမသိရသေးပေ။
အီရန်မီဒီယာများက ဟော်မုဇ်ရေလက်ကြားတစ်လျှောက်နှင့် အရှေ့ဘက်ရှိ မြို့များစွာအပြင် တောင်ပိုင်း ကာမန်ပြည်နယ်ရှိ လေဆိပ်တစ်ခုတွင်ပါ သြဂုတ်လ ၁ ရက်ကပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်မှစ၍ အီရန်သည် အမေရိကန်နှင့် စစ်ပွဲဆင်နွှဲနေခဲ့ပြီး စစ်ပွဲအတွင်း အစ္စလာမ်သမ္မတနိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီနှင့်အတူ အကြီးတန်းစစ်ဘက်အရာရှိများ သေဆုံးခဲ့ရသည်။
အီရန်ကလည်း ဒေသတစ်ဝန်းတွင် တိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်ခဲ့သည်။
ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုက စစ်ပွဲ၏အစောပိုင်းတွင် ရက်ပေါင်း ၄၀ နီးပါးသာ ကြာမြင့်ခဲ့သော်လည်း ဟော်မုဇ်ရေလက်ကြားအနီးတစ်ဝိုက်တွင် အဓိကအားဖြင့် ရံဖန်ရံခါ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့ရာ နောက်ဆုံးငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးအတွက် အလားအလာများကို မှေးမှိန်စေခဲ့သည်။
Ref- NDTV
