၂.၉.၂၀၂၆
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်း၊ ရွှေချင်းတွင်းလွန်းကျင်းအနီး ချင်းတွင်းမြစ်တွင် စက်တင်ဘာ ၁ ရက် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သော ပြုပြင်ရန်ရပ်ထားသည့် ကုန်တင်ရေယာဥ်မီးလောင်မှုမှာ ရေယာဥ်၏သံကိုယ်ထည်ကို ဖြတ်တောက်စဥ် မီးပွားထွက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
ရေယာဥ်မှာ ဟုမ္မလင်းမြို့နယ် ကုန်တင်ရေယာဉ်များ မီးလောင်မှုတွင် ပါဝင်ခဲ့သော ကုန်တင်ရေယာဉ်တစ်စီးဖြစ်ပြီး ရေယာဥ်သံကိုယ်ထည်ဖြတ်တောက်ရာမှ မီးပွားထွက်၍ ရေယာဥ်ဝမ်းဗိုက်အတွင်းရှိ ဆီသိုလှောင်ကန်မှ ဆီချေးငွေ့ဖြင့် ထိတွေ့ရာမှ ယခင် မီးလောင်ကျွမ်းပြီးဖြစ်သော ဆီပေပါများထဲရှိ ဆီလက်ကျန်များကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အချိန် ၂ နာရီကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကို အုပ်ချုပ်မှုယာဥ် ၁ စီး၊ မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၄ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၈၀ ကျော်နှင့် လူမှုကူညီရေးအဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဒီဇယ် ဆီဂါလန် ၂၀ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ရေယာဥ်မီးလောင်မှုနှင့်ပတ်သက်၍ ဦးမင်းကိုကိုကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မုံရွာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။









