၁.၉.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့၊ တိုင်းမ်စ်ရင်ပြင်တွင် စိတ်ခံစားမှုဆိုင်ရာ ပြဿနာရှိနေပုံရသော အမျိုးသမီးတစ်ဦးက ဩဂုတ်လ ၃၁ ရက်တွင် အကြောင်းပြချက်မရှိဘဲ လူနှစ်ဦးကိုဓားဖြင့်ထိုး၍ ကျပန်းတိုက်ခိုက်ခဲ့ပြီးနောက် ထိုအမျိုးသမီးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဓားဖြင့်အထိုးခံရသော အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ရရှိဒဏ်ရာများကြောင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ကျန်တစ်ဦးမှာ အသက်အန္တရာယ်ရှိသော ဒဏ်ရာများဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသော်လည်း အခြေအနေတည်ငြိမ်ကြောင်း ရဲအရာရှိများက ပြောခဲ့သည်။

နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့၊ ရဲမင်းကြီး ဂျက်စီကာ တစ်ရှ်၏ အဆိုအရ အခင်းဖြစ်ပွားရာနေရာမှ ဓားနှစ်ချောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ ရဲတပ်ဖွဲ့က ပြန်လည်ရရှိသော လက်နက်များ၏ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့သည်။
တစ်ရှ်၏ အဆိုအရ ဓားထိုးတိုက်ခိုက်မှုများက နယူးယော့ခ်မြို့ ၄၁ လမ်းနှင့် သတ္တမမြောက်ရိပ်သာလမ်းအနီးတွင် ဩဂုတ်လ ၃၁ ရက် မွန်းလွဲပိုင်းက စက္ကန့် ၂၀ အတွင်း ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
ဓားထိုးတိုက်ခိုက်မှုတွင် ပထမဆုံးသားကောင်မှာ အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကမြေအောက်ရထားပေါ်က ဆင်းလာကာ ဇနီးနှင့်အတူ လမ်းဖြတ်ကူးရန် စောင့်ဆိုင်းနေစဉ် သံသယရှိသူက အိတ်ထဲမှ ဓားနှစ်ချောင်းကို ဆွဲထုတ်ပြီး ဝှေ့ယမ်းကာ ဝမ်းဗိုက်ကို ထိုးခဲ့ခြင်းဖြစ်ပြီး ကျပန်းတိုက်ခိုက်မှုဟု ထင်ရကြောင်း၊ ထိုအမျိုးသမီးမှာ ရရှိဒဏ်ရာများကြောင့် ဆေးရုံတွင် သေဆုံးခဲ့ကြောင်း တစ်ရှ်က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။


ထို့နောက် သံသယရှိသူက မြောက်ဘက်ကို ထွက်ပြေးသွားကြောင်း အာဏာပိုင်များက ပြောခဲ့သည်။ သူမကို လေးမိနစ်ကြာ ရင်ဆိုင်ခဲ့သည့် ရဲအရာရှိများက ဓားကို ပစ်ချရန် အကြိမ်ကြိမ် အမိန့်ပေးသော်လည်း ငြင်းဆိုနေခဲ့ရာ ရဲအရာရှိများက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း ကြေညာခဲ့သည်။
ရဲတပ်ဖွဲ့က ဓားထိုးတိုက်ခိုက်မှုများပြုခဲ့သည့် အမျိုးသမီးမှာ ကွင်းစ်ခရိုင်နေ အသက် ၄၉ နှစ်အရွယ် ပါမယ်လာ စစ်နီရို (Pamela Cisneros) ဖြစ်ကြောင်း ဖော်ထုတ်ခဲဲ့ပြီး သူမတွင် မှတ်တမ်းတင်ထားသော စိတ်ကျန်းမာရေးရာဇဝင်ရှိကြောင်း ပြောကြားခဲ့သည်။ ရဲအရာရှိများက ထိုအမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်နေပုံရပြီး ဖြစ်ရပ်က အကြမ်းဖက်မှုနှင့် မသက်ဆိုင်ကြောင်း အလေးပေးပြောကြားခဲ့ကြသည်။
Ref-abc news
