သက်တံ့
၁. ၉. ၂၀၂၆
ဆီဘောက်ဆာယာဥ်နှင့် ကွန်တိန်နာယာဥ် တိုက်မိရာက ဆီဘောက်ဆာယာဥ် မီးလောင်မှု တောင်ငူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ စက်တင်ဘာ ၁ ရက် နံနက် ၅ နာရီ ၅၅ မိနစ်ခန့်အချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ရန်ကုန်မှ မန္တလေးသို့မောင်းနှင်လာသော ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့မောင်းနှင်လာသော ကွန်တိန်နာယာဉ်တို့ တိုက်မှုဖြစ်ပွားပြီး ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဥ်ကို တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၂) စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်နေရာမှာ ယာဥ်တိုက်မှုမကြာခဏဖြစ်ပွားသော တောင်ငူမြို့၊ ရွှေဘိုလေးကွေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးရှိ ဘုန်းကြီးကျောင်းဝင်း၊ တည်းခိုရိပ်သာနှင့် စျေးဆိုင်အချို့သို့ပါ မီးကူးစက်လောင်ကျွမ်းမှုရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းနှင့် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်အချိန် မီးငြိမ်းခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များမှ သိရသည်။
အဆိုပါ ဆီဘောက်ဆာယာဥ် မီးလောင်မှုဖြစ်စဥ်ကြောင့် နောက်ဆက်တွဲ မီးကူးစက်လောင်ကျွမ်းဆုံးရှုံးမှု အခြေအနေများကို တာဝန်ရှိသူများက ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။



