၁.၉.၂၀၂၆
Written by Linn Eain
လုံခြုံရေးဆိုင်ရာအားနည်းချက်များ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် တွံတေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များတွင် မော်တော်ဆိုင်ကယ်စီးနင်းမှု ခွင့်မပြုနိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဩဂုတ် ၃၁ ရက်တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးလွတ်တော်အစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဒလမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က သက်ဆိုင်ရာမြို့နယ်တို့တွင် တရားဝင် မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုရေးကိစ္စနှင့် ပတ်သက်၍ မေးမြန်းမှုများကို ဖြေကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က “တွံတေးခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်အတွင်း(ဆိပ်ကြီးခနောင်တိုမပါ) တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့ မော်တော်ဆိုင်ကယ် မစီးရ အမိန့်ထုတ်ပြန် ဆောင်ရွက်ထားရှိမှုအတွက် ကွမ်းခြံကုန်းမြို့နယ်တွင် တရားဝင် ဆိုင်ကယ်စီးနင်းခွင့်အား ပြန်လည်ခွင့်ပြုပေးပါက လုံခြုံရေးဆိုင်ရာ အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ခြင်းကြောင်း ဆက်စပ်ရာ နယ်မြေလုံခြုံရေးအဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များအရ လောလောဆယ်တွင် ဆိုင်ကယ်စီးနင်းခွင့်အား လုံခြုံရေးအရခွင့်မပြုနိုင်သေးပါကြောင်း လွှတ်တော်ဥက္ကကြီးမှတစ်ဆင့် ဖြေကြားအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင်၂၀၂၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အခြေအနေများအရ သန်လျင်ခရိုင်နှင့် တွံတေးခရိုင်ရှိ မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းခြင်းကို ပိတ်ပင်ထားပြီး ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈ ရက်ကစတင်၍လည်းကောင်း ဒလမြို့နယ်တွင် ၂၀၂၁ ခုနှစ်ကစတင်၍လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက မော်တော်ဆိုင်ကယ်စီးနင်းခွင့်မပြုကြောင်း ဒေသန္တရအမိန့်များထုတ်ပြန်ခဲ့ကြောင်း လုံ/နယ်ဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။
ထို့ကြောင့် မော်တော်ဆိုင်ကယ်များ ပြန်လည်စီးနင်းအသုံးပြုမည်ဆိုပါက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်လာနိုင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၏ အသက်အန္တရာယ်များ ထိခိုက်လာနိုင်ခြင်း၊ အကြမ်းဖက်မှုနှင့် ခိုးဆိုးလုနှိုက်မှု ပြဿနာများပိုမိုဖြစ်ပွားလာနိုင်ခြင်း၊ စည်းကမ်းမဲ့မောင်းနှင်းမှုများကြောင့် ယာဉ်တိုက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာနိုင်ခြင်းတို့ ရှိလာနိုင်ကြောင်း သိရသည်။
