◾️ ကျောင်းသူနှစ်ဦးကို သေစေခဲ့သည့် ယာဉ်တိုက်မှုကျူးလွန်ခဲ့သော ဆရာဝန်က ၎င်း၏ တောက်ပသော အနာဂတ်မှာ ဤယာဉ်တိုက်မှုကြောင့် အဆုံးသတ်မသွားသင့်ဟု ပြော၊ သေဆုံးသွားသည့် ကျောင်းသူများတွင်လည်း တောက်ပသော အနာဂတ်များရှိကြ၍ မျှမျှတတဆောင်ရွက်ပေးရန် မျက်မြင်များနှင့် ကျောင်းသားထု တောင်းဆို
သက်တံ့
၃၁. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့တွင် ဆေးတက္ကသိုလ်နည်းပြ ဆရာဝန်တစ်ဦးသည် မီးနီဖြတ်မောင်းရန် ကြိုးပမ်းခဲ့ရာမှ မော်တော်ဆိုင်ကယ်ကို ဝင်တိုက်ခဲ့သဖြင့် တက္ကသိုလ်ကျောင်းသူနှစ်ဦး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
ဘန်းဒူးရဲစခန်းမှ ရဲအရာရှိများသည် ဖြစ်စဉ်ဖြစ်ပွားသည့် သြဂုတ် ၂၅ ရက် ည ၈ နာရီ ၂၅ မိနစ်ခန့်တွင် ယာဉ်တိုက်မှု သတင်းရရှိပြီးနောက် ဖဟွန်ယိုသင်း (Phahonyothin) လမ်းပေါ်ရှိ နန်းလဲ (Nang Lae) လမ်းဆုံ၌ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကို သွားရောက်စစ်ဆေးခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် ချင်းရိုင်လိုင်စင်နံပါတ်ပါ အနီရောင် MG5 ဆီဒန်ကားတစ်စီးနှင့် နန်း (Nan) ခရိုင် လိုင်စင်နံပါတ်ပါ အနက်ရောင် Honda Scoopy I မော်တော်ဆိုင်ကယ်တစ်စီးကို တွေ့ရှိခဲ့ရသည်။


ဆီဒန်ကားကို မဲဖာလွမ်တက္ကသိုလ်၏ ဆေးတက္ကသိုလ်မှ ဓာတ်မှန်ဆိုင်ရာ ရောဂါရှာဖွေရေးဌာန၏ ဌာနမှူးနှင့် ဆေးနည်းပြ ဆရာဝန်တစ်ဦးဖြစ်သူ အသက် ၃၂ နှစ်အရွယ် ကမွလ် ရာချာခွမ် (Kamol Ratchakhom) က မောင်းနှင်လာခြင်းဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်ပွားသည့်နေ့က အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးခဲ့ရာတွင် ကမွလ်၏ ခန္ဓာကိုယ်၌ အယ်လ်ကိုဟော မတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ CCTV မှတ်တမ်းများအရ ယာဉ်တိုက်မှုသည် မှောင်ရိပ်ကျနေသည့် နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆီဒန်ကားမှာ ဘရိတ်အုပ်ထားသည့် ဒရွတ်ဆွဲရာများ တွေ့ရှိရခြင်း မရှိပေ။
ထိခိုက်ခံရသူ သုံးဦးစလုံးသည် မဲဖာလွမ် တက္ကသိုလ်၊ ဥပဒေပညာရပ်ဆိုင်ရာ ပထမနှစ် ကျောင်းသူများ ဖြစ်ကြပြီး ဆိုင်ကယ်တစ်စီးတည်းဖြင့် အတူတကွ သွားလာနေကြခြင်းဖြစ်သည်။
ဖြစ်စဉ်ကြောင့် ကျောင်းသူနှစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူများမှာ နန်းခရိုင်မှ အသက် ၁၉ နှစ်အရွယ် နိချာဖာ ပရုံသောင် (Nichapha Promtong) နှင့် ပတ္တာနီခရိုင်မှ အသက် ၁၈ နှစ်အရွယ် အယ်လ်ဖာရင် ဂါဇို (Alfarin Gazo) တို့ ဖြစ်ကြသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ပညာသင်ယူရန်အတွက် လွန်ခဲ့သည့် တစ်လခန့်ကမှ ချင်းရိုင်သို့ ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည်။
တတိယမြောက် ကျောင်းသူဖြစ်သူ ချွန်ဘူရီခရိုင်မှ အသက် ၁၈ နှစ်အရွယ် ဖတ်ချရီပွန် နခွန်ချန်း (Phatchareeporn Nakhonchan) မှာမူ ခြေထောက်တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေရသည်။
မျက်မြင်သက်သေများဖြစ်ကြသည့် ဝတ္တိချိုင် (Wuttichai) နှင့် ဘင်ဂျာမတ် (Benjamas) တို့က ThaiRath သတင်းဌာနသို့ ပြောကြားရာတွင် ကျောင်းသားများသည် လမ်းဆုံမီးနီ၌ ဆိုင်ကယ်ကို ရပ်ထားခဲ့ခြင်းဖြစ်ပြီး ဆရာဝန်၏ဆီဒန်ကားက ရုတ်တရက် လမ်းကြောင်းပြောင်းကာ မီးနီကို ဆက်လက်ဖြတ်မောင်းသွားပြီး ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။


ဝတ္တိချိုင်၏ ပြောကြားချက်အရ ထိခိုက်ခံရသူ တစ်ဦးမှာ လမ်းဘေးရှိ မှောင်နေသော တောအုပ်ထဲသို့ လွင့်စင်ထွက်သွားခဲ့သည်။ အဆိုပါ ထိခိုက်ခံရသူ၏ မိုဘိုင်းဖုန်းက အနီးနားရှိ မြက်ခင်းထဲမှ အသံမြည်လာမှသာ သုံးဦးမြောက် ဒဏ်ရာရရှိသူ ရှိနေမှန်း သိရှိခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ဆရာဝန်သည် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တုန်လှုပ်ချောက်ချားနေပြီး ၎င်း၏ ပေါ့ဆမှုကြောင့် ဖြစ်ကြောင်း အထပ်ထပ်အခါခါ ပြောဆိုခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဆရာဝန် ကမွလ်သည် ရဲတပ်ဖွဲ့နှင့် စကားပြောရာတွင် ၎င်း၌ တောက်ပသော အနာဂတ်ရှိကြောင်းနှင့် ဤသေစေလောက်သည့် ယာဉ်တိုက်မှုမှ တရားဥပဒေဆိုင်ရာ အကျိုးဆက်များဖြင့် အဆုံးသတ်မသွားသင့်ကြောင်း ပြောဆိုသည်ကို ကြားလိုက်ရသည်ဟု ဝတ္တိချိုင်က ပြောသည်။ ထို့အတွက် ဝတ္တိချိုင်က စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် ဤအမှုကို မျှမျှတတ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ သေဆုံးသွားသည့် ကျောင်းသူများတွင်လည်း တောက်ပသော အနာဂတ်များရှိကြပြီး ပညာရေးနှင့် အိပ်မက်များကို အကောင်အထည်ဖော်ရန် မိခင်ခရိုင်များမှ ချင်းရိုင်သို့ လာရောက်ခဲ့ကြသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခု သတင်းထုတ်ပြန်ချိန်အထိ မဲဖာလွမ် တက္ကသိုလ်ဘက်မှ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မထုတ်ပြန်သေးပေ။ တက္ကသိုလ်ကျောင်းသားများ၏ Facebook Group တစ်ခုတွင်မူ သေဆုံးသွားသော သူငယ်ချင်းများအတွက် တရားမျှတမှု ရရှိစေရန်နှင့် အချက်အလက်များ မျှဝေကြရန် တိုက်တွန်းထားကြသည်။
ရဲတပ်ဖွဲ့ကမူ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မှု မပြုမီ ရင်ခွဲစစ်ဆေးမှုဆိုင်ရာ (Autopsy) ရလဒ်များနှင့် ဒဏ်ရာရရှိသူ ကျောင်းသူ၏ ဆေးဘက်ဆိုင်ရာ အတည်ပြုချက်များကို စောင့်ဆိုင်းနေကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။
Ref: Thaiger
