၃၁.၈.၂၀၂၆
Written by Linn Eain
ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့ ဆူးလေကားမှတ်တိုင်တွင် လုံခြုံရေးအခြေအနေအရနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကန့်ကွက်တင်ပြထားမှုကြောင့် YBS ယာဉ်များ ပြန်လည်ရပ်နားပြေးဆွဲခွင့်ပြုရန် အစီအစဉ်မရှိသေးကြောင်း ယနေ့ ဩဂုတ် ၃၁ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နောက်ဆုံးနေ့မှ သိရသည်။
ကမာရွတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးကျော်လင်း၏ “ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့ ကားမှတ်တိုင်တွင် YBS ယာဉ်လိုင်းများ ပြန်လည်ရပ်နားပြေးဆွဲခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြန်လည်ဖြေကြားခဲ့ရာတွင် ထိုသို့ ထည့်သွင်းဖြေကြားခဲ့ကြောင်း သိရသည်။


“ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ဆူးလေ မဟာဗန္ဓုလပန်းခြံရှေ့မှတ်တိုင်မှာ ယခင်က YBS ယာဉ်များ ဂိတ်ဖျားအဖြစ်လည်းကောင်း၊ မှတ်တိုင်မှာ ရပ်ချတင်ထွက်စနစ်ဖြင့် ယာဉ်လိုင်းပြေးဆွဲခြင်းများကို ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် အစိုးရပြောင်းလဲဆောင်ရွက်သည့် အချိန်ကာလမှစ၍ အဆိုပါမှတ်တိုင်အား လုံခြုံရေးအခြေအနေအရ ရပ်နားခွင့် မပြုခဲ့ပါကြောင်း၊ အဆိုပါ မှတ်တိုင်နေရာသည် မဟာဗန္ဓုလပန်းခြံနှင့် ရန်ကုန်မြို့တော်ခန်းမရှေ့ မျက်နှာစာတွင် ရှိသဖြင့် လုံခြုံရေးအခြေအနေအရသော်လည်း ကောင်း၊ မြို့တော်ခန်းမရှေ့ မျက်နှာစာ ဥပစာရှေ့တွင် ရှိသဖြင့် ခွင့်ပြုပေး၍ မရှိနိုင်ပါကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) မှ ကန့်ကွက်တင်ပြထားပါတယ်” ဟု လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။



ထို့ပြင် ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့ ကားမှတ်တိုင်တွင် YBS ယာဉ်လိုင်းများ ပြန်လည်ရပ်နားပြေးဆွဲခွင့်ပြုပါရန် အစီအစဉ် ရှိ/မရှိ ကိစ္စနှင့် ပတ်သက်ပြီး YRTC က ဦးဆောင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)၊ ကျောက်တံတားမြို့ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲနှင့် YBS အများပိုင်ကုမ္ပဏီများမှ တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့မှ ဩဂုတ် ၃ ရက်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုအရ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့၏ မြေပြင်ကွင်းဆင်းစစ်ဆေးမှုအရ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ဆူလေ မဟာဗန္ဓုလပန်းခြံရှေ့မှတ်တိုင်တွင် YBS ယာဉ်လိုင်းများ ပြန်လည်ရပ်နားပေးရန် အခက်ခဲရှိပါကြောင်းနှင့် လက်ရှိအခြေအနေတွင်လည်း YBS ခရီးသည်တင်ယာဉ်များ ပန်းဆိုးတန်းမှတ်တိုင်တွင် ရပ်ချတင် ထွက်စနစ်ဖြင့် ယာဉ်လိုင်းပြေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း လုံ/နယ်ဝန်ကြီးက ဖြေကြားခဲ့သည်။
