၃၁.၈.၂၀၂၆
Writtnen by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ မနောသုခလမ်းရှိ နေအိမ်တစ်လုံးတွင် ဆိုလာဖြင့် အသုံးပြုသည့်ဘက်ထရီ (ဘတ္ထရီ) အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ရာမှ နေအိမ်သုံးလုံးမီးလောင်ပြီး အဘိုးအိုတစ်ဦးသေဆုံးမှု သြဂုတ်လ ၃၀ ရက် ည ၁၁ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုကြောင့် အသက် ၈၄ နှစ်အရွယ် အဘိုးအို ဦးအောင်စန်း မီးလောင်သေဆုံးခဲ့ပြီး အလျား ၂၀ ပေ၊ အနံ ၁၅ ပေ၊ သွပ်မိုးနှစ်ထပ်နေအိမ် တစ်လုံး၊ အလျား ၂၅ ပေ၊ အနံ ပေ ၂၀ သွပ်မိုး တစ်ထပ်နေအိမ်နှစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၆ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၇၀ ကျော်၊ လူမှုကူညီရေးအဖွဲ့ဝင် ၄၀ ကျော်တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် ဒေါ် အောင်မြင့်ရီကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မုံရွာမြို့ အမှတ် (၂) ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



