နေမိုး
၃၁. ၈. ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ထမ္မကြီးရွာကို PDF များ ဝင်ရောက်စီးနင်းပြီး ဒေသခံ လက်နက်မဲ့ပြည်သူ ၁၂ ဦးကို ဦးခေါင်းများ သေနတ်ဖြင့်တေ့ကာ ပစ်ခတ် သတ်ဖြတ်သွားသည့်အပြင် လူအများအပြားကိုလည်း ဖမ်းဆီးသွားမှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သော မီဒီယာများက ကနဦးသတင်းဖော်ပြသည်။
ယနေ့ ဩဂုန် ၃၁ ရက် နံနက် ၆ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မလှိုင်မြို့၏ အရှေ့တောင်ဘက် (၁၁)မိုင်ခန့် အကွာ ထမ္မကြီးကျေးရွာအုပ်စု၊ ထမ္မကြီးကျေးရွာသို့ PDF အဖွဲ့ အင်အား (၅၀)ဦးခန့်မှ ကား(၄)စီးအပါအဝင် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးစိုးလင်းထိုက်နှင့် အခြားလူ (၁၂)ဦးခန့်အား သတ်ဖြတ်သွားသည်ဟု ဆိုသည်။

အဆိုပါ ထမ္မကြီးရွာမှာ ပြည်သူ ၁၅၀၀ ခန့်နေထိုင်သော ရွာဖြစ်ပြီး မိတ္ထီလာခရိုင် PDF များနှင့် မလှိုင် PDF များ အဓိက ကျက်စားသလို တပ်မတော်စစ်ကြောင်းများကိုလည်း မကြာခဏချောင်းမြောင်းတိုက်ခိုက်တတ်သော ဒေသလည်းဖြစ်သည်။
ယခုကဲ့သို့ ပြည်သူအများအပြားကို PDF များ သတ်ဖြတ်မှုမှာ ကနဦးစုံစမ်းမှုအရ ထမ္မကြီးရွာတွင် ပြည်သူ့စစ်ဖွဲ့ရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲကာ သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်ဟုသာ သိရှိရသော်လည်း ကျူးလွန်သည့် PDF များဘက်က ဝန်ခံချက် ထုတ်ပြန်လာခြင်းမရှိသေးသလို အကြမ်းဖက် NUG နှင့် PDF ထောက်ခံသော ပြည်ပပြေးမီဒီယာများကလည်း PDF တို့ ကျူးလွန်မှုအပေါ် သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။
MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဥ်အပေါ် ဖြစ်စဥ်မှန်ကန်မှုရှိမရှိနှင့် PDF တို့ ကျူးလွန်မှုဖြစ်စဥ်အပေါ် အသေးစိတ်စုံစမ်းဆဲဖြစ်ပြီး ထပ်မံသိရှိရသည်များ ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
