၃၁.၈.၂၀၂၆
Translated by Htwe Ko Tun
အိုက်စလန်နိုင်ငံအစိုးရ၏ ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် ဆွေးနွေးပွဲများ ပြန်လည်စတင်ရေး အဆိုပြုချက်ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ၌ အိုက်စလန် မဲဆန္ဒရှင်များက အစိုးရ၏ အဆိုပြုချက်ကို ပယ်ချခဲ့ကြကြောင်း သိရသည်။
လူထုဆန္ဒခံယူပွဲ စစ်တမ်းမှ မဲရေတွက်မှုများအရ မဲပေးသူများ၏ ၅၂ ဒသမ ၈ ရာခိုင်နှုန်းက အဆိုပြုချက်ကို ကန့်ကွက်ခဲ့ပြီး ၄၇ ဒသမ ၂ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အာဏာရလာသော အိုက်စလန်နိုင်ငံ၏ ညွန့်ပေါင်းအစိုးရက ဆန္ဒခံယူပွဲကို ခေါ်ယူခဲ့ခြင်းဟု သိရသည်။

ဆွေးနွေးပွဲများ ပြန်လည်စတင်ခြင်းကို ဆန့်ကျင်သူများက အိုက်စလန်၏ အရေးကြီးသော ငါးဖမ်းရေပြင်နှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် အဓိကထားခဲ့ပြီး လက်ရှိ ဥရောပစီးပွားရေးဇုန် (EEA) သဘောတူညီချက်က အဖွဲ့ဝင်အဖြစ် အပြည့်အဝမပါဝင်သော်လည်း တစ်ခုတည်းသောဈေးကွက်သို့ ဝင်ရောက်ခွင့်ပေးထားပြီးဖြစ်ကြောင်း ငြင်းခုံခဲ့ကြသည်။ ထောက်ခံသူများကလည်း ယူရိုငွေကြေးကို လက်ခံခြင်းနှင့် ဥရောပသမဂ္ဂသို့ ဝင်ရောက်ခြင်းက နိုင်ငံ၏ စီးပွားရေးကို ပိုမိုတည်ငြိမ်စေပြီး ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်သည်ဟု ဆိုခဲ့ကြသည်။
အနောက်တိုင်းမီဒီယာများက အစိုးရ၏ လှုပ်ရှားမှုအတွက် တွန်းအားတစ်ရပ်မှာ အိုက်စလန်နိုင်ငံ တည်ရှိရာ နော်ဒစ်ဒေသကို ဝန်းရံထားသော လုံခြုံရေးပတ်ဝန်းကျင် ပြောင်းလဲလာခြင်းကြောင့်ဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၏ အစိုးရအဖွဲ့က နော်ဒစ်ဒေသတွင် တည်ရှိသော ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။
သို့သော် ဥရောပသမဂ္ဂ ဝင်ရောက်ခြင်းသည် အိုက်စလန်၏ အဓိကငါးလုပ်ငန်းအပေါ် ကန့်သတ်ချက်များ ဖြစ်ပေါ်စေနိုင်သည်ဟူသော စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် အိုက်စလန်သည် ၎င်း၏စီးပွားရေးကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် လျှောက်ထားခဲ့သည်။ သို့သော် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့်ပတ်သက်၍ သတိထားသော အစိုးရတစ်ရပ် အာဏာရလာပြီးနောက် ၂၀၁၃ ခုနှစ်တွင် အဖွဲ့ဝင်ရောက်ရေး ဆွေးနွေးပွဲများကို ရပ်ဆိုင်းထားခဲ့သည်။
Ref: NHK
