သက်တံ့
၃၁. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၊ ပတ္တရားကမ်းခြေမှာ လမ်းလျှောက်ရင်း ဗီဒီယိုရိုက်နေတဲ့ မြန်မာအမျိုးသားပါဝင်တဲ့လူသုံးဦးဟာ မရည်ရွယ်ဘဲ ဗီဒီယိုရိုက်ကူးမိခဲ့တယ်ဆိုတဲ့ အငြင်းပွားမှု ဖြစ်ပွားပြီးနောက် မိန်းမလျာ (Ladyboy/Transgender) အုပ်စုတစ်စုရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုခံရတာကြောင့် အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ဦးခေါင်းကွဲသွားခဲ့သလို အခြားဒဏ်ရာများစွာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဖြစ်စဥ်က ဩဂုတ်လ ၃၀ ရက် တနင်္ဂနွေနေ့ ည ၁၁ နာရီ မိနစ် ၄၀ အချိန်မှာ ပတ္တရားကမ်းခြေက ဆွိုင် ၁၃/၁ နဲ့ မျက်နှာချင်းဆိုင် ကမ်းခြေဘေး လျှောက်လမ်းပေါ် ခိုက်ရန်ဖြစ်ပွားကြောင်း ပတ္တရား ရဲစခန်းက သတင်းရရှိခဲ့ပါတယ်။ စဝမ်ဘိုရီဘန် သမ္မသထန် ပတ္တရား ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ ရောက်ရှိလာချိန်မှာ တုန်လှုပ်ခြောက်ခြားနေတဲ့ အမျိုးသားသုံးဦးကို တွေ့ရှိခဲ့ရပါတယ်။ သူတို့သုံးဦးမှာ မြန်မာနိုင်ငံသား အသက် ၂၆ နှစ်အရွယ် ကိုခွန်အေးမောင်ဆိုသူဟာ ဦးခေါင်း သွေးထွက်ဒဏ်ရာ၊ ပွန်းပဲဒဏ်ရာများစွာနဲ့ အခြားဒဏ်ရာများစွာ ရရှိထားလို့ အခင်းဖြစ်နေရာမှာပဲ ရှေးဦးသူနာပြုစုမှု ကူညီပေးခဲ့ရပါတယ်။
အခင်းဖြစ်ပွားရာကို ဖြတ်သန်းသွားလာရင်းတွေ့ကြုံခဲ့တဲ့ ပတ္တရား အထူးကိစ္စရပ်များဆိုင်ရာ အရာရှိ အသက် ၃၅ နှစ်အရွယ် သီရိဖုန်း နမ်ယူး (Siriphong Namyu) က မိန်းမလျာ သုံးလေးဦးခန့်ဟာ ကမ်းခြေလမ်းကို ဖြတ်ကူးလာပြီး အဆိုပါအမျိုးသားတွေကို တိုက်ခိုက်ခဲ့တာ မြင်တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ကားကိုရပ်ပြီး ရန်ပွဲကို ဝင်ရောက်တားဆီးခဲ့သလို အခြားအာဏာပိုင်တွေကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။


တိုက်ခိုက်တဲ့ မိန်းမလျာတွေဟာ အစက သူတို့ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရတယ်လို့ စွပ်စွဲပြီး ဒေါသတကြီး တိုက်ခိုက်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိမလာမီ၊ အသေးစိတ် စစ်ဆေးမေးမြန်းမှု မလုပ်မီ အခင်းဖြစ်ပွားရာနေရာက ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။
ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးရဲ့ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်အရ သူတို့အုပ်စုဟာ ကမ်းခြေလမ်းအတိုင်း လမ်းလျှောက်ရင်း ဖုန်းနဲ့ ပတ်ဝန်းကျင်ကို ဗီဒီယိုရိုက်ကူးနေခဲ့ကြောင်း တိုင်ချက်ပေးခဲ့သလို အဆိုပါ ဗီဒီယိုမှတ်တမ်းအတွင်း မိန်းမလျာအမျိုးသမီးတွေပုံရိပ် ပါဝင်သွားခဲ့လို့ ဒေါသထွက်သွားခဲ့ကြတာဖြစ်ပြီး အချင်းများခဲ့ပြီးနောက်မှာ အဆိုပါ မိန်းမလျာအုပ်စုက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပတ္တရားရဲတပ်ဖွဲ့ဟာ ထွက်ဆိုချက်တွေအရ စုံစမ်းစစ်ဆေးလျက်ရှိသလို သံသယရှိသူတွေကို ရှာဖွေနေတဲ့အပြင် ပါဝင်သူတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်ကို ရယူလျက်ရှိပေမဲ့ ဒီ တနင်္လာနေ့မနက်ပိုင်းအထိ ဘယ်သူ့ကိုမှ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
Ref: Pattaya News
