၃၁.၈.၂၀၂၆
Translated by Htwe Ko Tun
ဆိုက်ပရပ်စ်နိုင်ငံ မြောက်ပိုင်း ကမ်းလွန်ရေပြင်တွင် လူ ၂၆၀ ကျော်တင်ဆောင်လာသော ကူးတို့သင်္ဘောတစ်စင်း သြဂုတ်လ ၃၀ ရက်က ဆိပ်ကမ်းမှထွက်ခွာပြီး မကြာမီ တိမ်းမှောက်ခဲ့ရာ လူအများအပြားသေဆုံးခဲ့ရကြောင်း ဒေသခံအစိုးရက ပြောကြားခဲ့သည်။
သင်္ဘောတိမ်းမှောက်မှုတွင် အနည်းဆုံး လူရှစ်ဦးသေဆုံးခဲ့ကြောင်း မြောက်ဆိုက်ပရပ်စ် တူရကီ သမ္မတနိုင်ငံ (TRNC) ၏ ဝန်ကြီးချုပ် ယူနယ်လ် အတ်စတယ်၏ပြောကြားချက်ကို ကိုးကား၍ တူရကီနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

အတ်စတယ်က လူ ၂၃၇ ဦးခန့်ကို ကယ်တင်နိုင်ခဲ့ပြီး ၂၃ ဦးပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။ သင်္ဘောကပ္ပတိန်နှင့် သင်္ဘောသားခုနစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ၎င်းက ကြေညာခဲ့သည်။
ဆိုက်ပရပ်စ်ကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်ခြမ်းကွဲခဲ့ပြီး မြောက်ပိုင်းမှာ တူရကီနိုင်ငံ အသိအမှတ်ပြုထားသော TRNC နိုင်ငံ အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။
တူရကီမီဒီယာများက ခရီးသည် ၂၆၀ ကျော် တင်ဆောင်လာသော ကူးတို့သင်္ဘောမှာ ဂိုင်းမ် (Gime) ဟုလည်း သိကြသော ကီရီနီယားမြို့ ဆိပ်ကမ်းမှ တောင်ပိုင်း မာဆင် ပြည်နယ်ရှိ တာဆူကူဆိပ်ကမ်းသို့ မောင်းနှင်နေစဉ် နစ်မြုပ်သွားကြောင်း ဖော်ပြခဲ့သည်။
TRNC ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီး အာဟန် အရစ်လီ က သင်္ဘောပေါ်တွင် ခရီးသည် ၂၅၉ ဦးနှင့် သင်္ဘောဝန်ထမ်း ရှစ်ဦး စုစုပေါင်း လူ ၂၆၇ ဦး ရှိကြောင်း တူရကီနှင့် ဆိုက်ပရပ်စ်မီဒီယာများကို ပြောကြားခဲ့သည်။
“ကယ်ဆယ်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများမှ လျင်မြန်စွာ တုံ့ပြန်မှုအတွက် လိုအပ်သော ပြင်ဆင်မှုအားလုံးကို ပြုလုပ်နေပါတယ်” ဟု TRNC ၏ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
X လူမှုကွန်ရက်တွင် တူရကီဒုတိယသမ္မတ စိဗ်ဒက် ရီလ်မက်ဇ်က ဖြစ်ပွားခဲ့သော ကံဆိုးမိုးမှောင် ဖြစ်ရပ်ကို အနီးကပ် စောင့်ကြည့်နေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဖြစ်နိုင်သမျှ ပံ့ပိုးမှုအားလုံးကို ပေးအပ်နေကြောင်း ပြောကြားခဲ့သည်။
တူရကီနိုင်ငံပိုင် TRT သတင်းဌာနက ကမ်းခြေမှ ၇ ဒသမ ၅ ကီလိုမီတာ (ရေမိုင် ၄ မိုင်) အကွာတွင် ကူးတို့သင်္ဘောထဲသို ရေ စတင်ဝင်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
Ref: DW News
