၃၀.၈.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်၊ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ကုန်းကြားရှိ ရိုးချောင်းတွင် အပျော်တမ်းလှေလှော်ကာ ငါးမျှားထွက်ရာမှ ရေထဲပြုတ်ကျ ပျောက်ဆုံးနေသော အမျိုးသားကို သုံးရက်အကြာ သြဂုတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရှာဖွေကယ်ဆယ်ခဲ့သူများထံမှ သိရသည်။
“စဖြစ်တဲ့ ၂၇ ရက်နေ့ကလည်း ရှာတာ …မတွေ့ဘူး။ နောက်ရက်လည်း ထပ်ရှာတယ်၊ ၂၉ ရက် မနက် ၆ နာရီလောက်မှာ ရုပ်အလောင်း မှောက်လျက်မျောနေတာကို ပြန်ရှာတွေ့ခဲ့တာပါ”ဟု မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ငါးသိုင်းချောင်းမြို့နယ်၊ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ကုန်းကြားရှိ ရိုးချောင်းတွင် သြဂုတ်လ ၂၇ ရက် ည ၁၀ နာရီကျော်က အပျော်တမ်းလှေလှော်ကာ ငါးမျှားထွက်လာသော အသက် ၃၄ နှစ်အရွယ် ကိုကျော်လွင်ကိုနှင့် အသက် ၂၆ နှစ်အရွယ် ကိုကောင်းထက်ဇော်တို့နှစ်ဦးမှာ လှေလူး၍ ရေထဲသို့ပြုတ်ကျခဲ့ရာမှ အသက် ၂၆ နှစ်အရွယ် ကိုကောင်းထက်ဇော်မှာ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။





သြဂုတ်လ ၂၉ ရက်က ပြန်လည် တွေ့ရှိခဲ့သော ကိုကောင်းထက်ဇော်၏ ရုပ်အလောင်းကို ဆယ်ယူ၍ ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
