နေမိုး
၃၀. ၈. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဓားဖြင့် ထိုးခုတ်၍ ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့သူ အမျိုးသားငါးဦးအနက် နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဩဂုတ် ၂၇ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အစုလေးကျေးရွာနေ ဦးအောင်မျိုးနိုင်(၃၈)နှစ်သည် ၎င်း၏နေအိမ်မှ ထန်းတပင်မြို့နယ်၊ ပန်တောကျေးရွာသို့ ၎င်းပိုင် တရုတ်နိုင်ငံထုတ် Wave 110၊ NIFAN အမျိုးအစား အနက်ရောင် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ပန်းတောကျေးရွာထိပ်အရောက်၌ လားရာတူအနောက်မှ LUOJIA 110 အမျိုးအစား ခဲရောင် ဆိုင်ကယ်ဖြင့် အမျိုးသား နှစ်ဦး၊ FELLING 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်ဖြင့် အမျိုးသား သုံးဦးတို့မှ မောင်းနှင်လိုက်ပါလာပြီး ဆိုင်ကယ်ရှေ့မှ လမ်းပိတ်ဆို့ရပ်တန့်ခိုင်းကာ ဓားဖြင့် ထိုးခုတ်၍ ဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့သဖြင့် လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၇ ရက် ညပိုင်းတွင် လုယက်မှုကျူးလွန်သူ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာနေ ချစ်ကိုကို(၂၃)နှစ်အား လုယက်သွားခဲ့သည့် တရုတ်နိုင်ငံထုတ် Wave 110၊ NIFAN အမျိုးအစား အနက်ရောင် ဆိုင်ကယ်နှင့်အတူ မင်္ဂလာကုန်းကျေးရွာအနီး၌ လည်းကောင်း၊ လုယက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ရိုးကြီးကျေးရွာနေ မျိုးကျော်ကျော်(၃၃)နှစ်အား လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် LUOJIA 110 အမျိုးအစား ခဲရောင် ဆိုင်ကယ်နှင့်အတူ အလိန်လည် ကျေးရွာအနီး၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ ချစ်ကိုကိုနှင့် မျိုးကျော်ကျော်တို့၏ထွက်ဆိုချက်အရ ၎င်းတို့နှင့်အတူ လုယက်မှုကျူးလွန်ခဲ့သူများမှာ ထန်းတပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ ကိုကောက်(၃၈)နှစ်၊ တင်ဇာဝင်း(ခ)ဝတုတ်(၂၇)နှစ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ သန်းတိုးအောင်(၃၅) နှစ်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
