၃၀.၈.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ စံကင်းကူးတို့ဆိပ်တွင် သြဂုတ်လ ၂၉ ရက် ည ၈ နာရီခွဲခန့်က ကုန်တင်တွဲသင်္ဘောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးပျောက်ဆုံးနေကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
အရန်ဆီကန်မှတစ်ဆင့် အင်ဂျင်ရှိဆီကန်ထဲသို့ ဆီပန့်ဖြင့် ဆီဖလှယ်ရာမှ မီးစထွက်ကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အလျားပေ ၁၀၀၊ အနံ ၂၄ ပေ ၆ လက်မ၊ ဇောက်အနက် ဆယ်ပေ၊ အင်ဂျင် (၂)လုံးတပ် “ရွှေမိုးပင်လယ်” တွန်းသင်္ဘောနှင့် အလျားပေ ၂၂၀၊ အနံ ၅၅ ပေ၊ ဇောက် ဆယ်ပေ ကုန်တင်တွဲသင်္ဘောတို့ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သင်္ဘောမီးလောင်မှုကြောင့် ဒီဇယ် ပီပါ ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၂၀ အရွယ် ကိုဇင်မျိုးထက်နိုင်မှာ ပျောက်ဆုံးနေကြောင်း သိရသည်။
“သင်္ဘောပေါ်မှာ အမျိုးသား ဆယ်ယောက်၊အမျိုးသမီး တစ်ယောက်လိုက်လာတာပါ။ ဆယ်ယောက်လုံးက ထိခိုက်ဒဏ်ရာမရပေမယ် တစ်ယောက်ကတော့ ပျောက်နေတယ်။ ရှာလို့မတွေ့ဘူး”ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးထံမှ သိရသည်။
သင်္ဘောမီးလောင်မှုကို စက်လှေ ၃ စီး၊ အပေါ့စားစက် ၄ လုံးဖြင့် သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့ ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၁၇ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
သင်္ဘောမီးလောင်မှုကြောင့် ရေယာဥ်အုပ် အသက် ၄၄ နှစ်အရွယ် ဦးရဲဝင်းနိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ဓနုဖြူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
