
နေမိုး
၃၀. ၈. ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၌ ဖဲရိုက် လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ အမှတ်(၄)ရပ်ကွက်နေ ဒေါ်ခိုင်နွေဦး(ခ)ခိုင်နွေ(၄၄)နှစ်၏နေအိမ်၌ ဖဲရိုက် လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေသူများဖြစ်သည့် ဒေါ်ခိုင်နွေဦး(ခ)ခိုင်နွေ၊ ဒေါ်နဒီအေး(ခ)တုတ်တုတ် (၃၄)နှစ်နှင့် ဦးသန်းဝင်းကျော်(ခ)အနဲလေး(၄၅)နှစ်၊ ပုဂံဘိုကျေးရွာနေ မအေးသန္တာ(၃၆)နှစ်၊ သာယာကုန်းကျေးရွာနေသူများဖြစ်သည့် ဒေါ်ဇင်မာချို(၃၂)နှစ်၊ ဦးဝေမင်း (၄၄)နှစ်၊ ဦးထွန်းထွန်းဝင်း(ခ)ခေါလေး(၄၆)နှစ်နှင့် ဒေါ်အိဖြူလွင်(၃၀)နှစ်၊ အမှတ်(၅)ရပ်ကွက်နေသူ များဖြစ်သည့် ဦးဇော်မျိုးထက်(ခ)ပူးပူး(၄၂)နှစ်၊ ဦးသိန်းဦး(၅၈)နှစ်၊ အမှတ်(၃)ရပ်ကွက်နေ ဦးထွန်းထွန်းနိုင်(ခ)ပေသီး(၄၈)နှစ်နှင့် ဦးလွင်ကိုကိုနိုင်(ခ)ကိုနိုင်(၄၅)နှစ်တို့အား ဖဲရိုက် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်းမျိုးစုံ ရှစ်လုံး၊ လောင်းကြေးငွေ များနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ခိုင်နွေဦး(ခ)ခိုင်နွေပါ ၁၂ ဦးအား အင်းတကော်နယ်မြေရဲစခန်း (ပ)၄၂/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
