MT News
၃၀.၈.၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ Taxi ယာဉ်မောင်းအား ဓားဖြင့်ထိုး၍ လုယက်မှု ကျူးလွန်ခဲ့သူ အမျိုးသား သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်၊ ဗိုလ်ချုပ်ရပ်ကွက်နေ ဦးစိန်မြင့်ဦး(၅၁)နှစ်သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အနော်ရထာလမ်းမကြီးရှိ Gas ဆိုင်အနီး၌ ၎င်းမောင်းနှင်သည့် Taxi မော်တော်ယာဉ်အား အမျိုးသား သုံးဦးမှ ဘုရင့်နောင်ကားကြီးဝင်းသို့ သွားရောက်လိုကြောင်း ပြောဆိုငှားရမ်းခဲ့သဖြင့် လိုက်ပါပို့ဆောင်ခဲ့ရာ ဘုရင့်နောင်ပွဲရုံဝင်း၊ စိန်ပန်းလမ်း၊ အမှတ်(ဆ/၁၈)၊ “ဗန္ဓုလ” လက်ဖက်ခြောက် ရောင်းဝယ်ရေးပွဲရုံရှေ့အရောက်၌ အဆိုပါအမျိုးသား သုံးဦးမှ ဓားမြှောင်ဖြင့် ထိုးကာ ငွေကျပ် တစ်သိန်းနှင့် Vivo အမျိုးအစား ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဘုရင့်နောင်နယ်မြေရဲစခန်း၌ (ပ)၁၈၆/၂၀၂၆၊ ရာဇ သတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် လုယက်မှုကျူးလွန်ခဲ့သူများဖြစ်ကြသည့် ထန်းတပင်မြို့နယ်၊ ရိုးကြီး ကျေးရွာနေ သန်းစိုးဦး(ခ)တက်တူး(၃၅)နှစ်အား လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် Vivo အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ၎င်း၏နေအိမ်၌လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်နေ မောင်မောင်ကြည်(၄၃)နှစ်နှင့် ရဲဝင်း(ခ)ကျော်စွာဝင်း(၄၃)နှစ်တို့ နှစ်ဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး၊ အသွား ၁၀ လက်မခန့်ရှိ ဓားမြှောင် တစ်ချောင်း၊ အစိမ်း/အဖြူရောင် ပြောက်ကြားအင်္ကျီလက်ရှည် တစ်ထည်၊ အညိုရောင် ဂျင်းဂျာကင်အင်္ကျီ တစ်ထည် တို့နှင့်အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် ၎င်းတို့၏နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
လက်ရှိတွင် ဖမ်းမိတရားခံများအား ဖွင့်လှစ်ထားသည့် အမှုများနှင့် အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
