သက်တံ့
၂၈. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပွန်ပရက်ဆတ်ထရူးဖိုင်ခရိုင်၊ ဝေါ်ရာချက်လမ်းရှိ လျှပ်စစ်ပစ္စည်းများ၊ စက်ကိရိယာများနှင့် မော်တော်ယာဉ် အပိုပစ္စည်း ရောင်းချသည့် ဆိုင်ခန်းပေါင်း ၅၀၀ ကျော် တည်ရှိရာ ထင်ရှားသော ခလောင်သုန်စင်တာ (Khlong Thom Centre) ၌ သောကြာနေ့ညပိုင်းက အလွန်ပြင်းထန်သော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

မီးလောင်မှု သတင်းပေးပို့ချက်ကို ည ၈ နာရီ ၄၂ မိနစ်ဝန်းကျင်တွင် ဘန်ကောက်အရေးပေါ်ဌာနက စတင်လက်ခံရရှိခဲ့ပြီး မြေညီထပ်ရှိ ဆိုင်တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် မီးတောက်များသည် ယာဉ်ရပ်နားစခန်းအောက် ထပ်ခိုးလွှာသို့ ကူးစက်သွားခဲ့ပြီး သိပ်သည်းသော မီးခိုးငွေ့များနှင့်အတူ အဆောက်အအုံအတွင်း ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားခဲ့ရသည်။ မီးသတ်တပ်ဖွဲ့များ စေလွှတ်ခဲ့သော်လည်း ည ၉ နာရီ ၂၇ မိနစ်အထိ မီးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ အဆောက်အအုံ နောက်ဘက်သို့ပါ မီးကူးစက်သွားခဲ့သည်။

ည ၉ နာရီ ၃၅ မိနစ်ကျော်မှစတင်၍ အဆောက်အအုံအတွင်းပိုင်းနှင့် အစိတ်အပိုင်းအချို့ စတင်ပြိုကျလာခဲ့ရာ အခင်းဖြစ်ပွားရာရှိ မီးသတ်သမားများ၏ ဘေးကင်းရေးအတွက် စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ ထို့နောက် ည ၁၀ နာရီ ၄၈ မိနစ်ခန့်တွင် မီးသည် ရာဝရပ်လမ်းဘက်ရှိ ဘလူးတူးသ်စက်များ၊ ဘက်ထရီများနှင့် အသံပိုင်းဆိုင်ရာ စက်ပစ္စည်းများ ရောင်းချသည့် ဘေးအဆောက်အအုံသို့ ထပ်မံကူးစက်သွားခဲ့သည်။

ယခုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးနှင့် စေတနာ့ဝန်ထမ်း ၁ ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် ရှေးဦးသူနာပြုစုပြီးနောက် ကလန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ကနဦးသိရသည်။ ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် စစ်သီဖန် အပါအဝင် တာဝန်ရှိသူများ ရောက်ရှိလာကာ မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို ကြီးကြပ်ခဲ့ကြသည်။

မီးသတ်စခန်း အသီးသီးမှ တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှုကြောင့် ည ၁၁ နာရီ ၁၃ မိနစ်တွင် မီးလောင်မှုကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ကြောင်း ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) က ထုတ်ပြန်ထားပြီး ဖြစ်စဥ်နှင့် ပျက်စီးဆုံးရှုံးမှုများကို စုံစမ်းဆဲဖြစ်သည်။
Ref: Nation Thailand
