MT News
၂၉. ၈. ၂၀၂၆
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ PDF ၅၀၀၀ ခန့် အလင်းဝင်လာပြီးနောက် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်သူရနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် ပစ္စတိုသေနတ်(၁)လက်၊ MA-1 သေနတ် (၁)လက်၊ MA-3 သေနတ် (၂)လက်၊ MA-11 သေနတ် (၁)လက်၊ ကေအေသေနတ်(၁)လက်၊ လက်လုပ်သေနတ် (၁)လက်၊ ကျည်အိမ်(၇)ခုနှင့် လက်ပစ်ဗုံးမျိုးစုံ (၁၀)လုံးတို့အား အပ်နှံခဲ့ရာ တိုင်းမှူးက လက်ခံရယူခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် သေနတ် (၆) လက်အတွက် ဆုကြေးငွေကျပ် သိန်း ၃၀၀၊ ပစ္စတိုသေနတ် (၁) လက် အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ ၊ လက်ပစ်ဗုံးမျိုးစုံ (၁၀)လုံးအတွက် ဆုကြေး ငွေကျပ် သိန်း ၃၀၊ ဥပဒေဘောင်အတွင်း ရောက်လာသူများအတွက် ဆုကြေးငွေ ၄၇ သိန်း ၅ သောင်းကျပ်၊ စုစုပေါင်း ဆုကြေးငွေ ၃၉၇ သိန်း ၅ သောင်းကျပ်နှင့် စာသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြသည်။
ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် စစ်ကိုင်းမြို့မှ အမျိုးသား(၅၇)ဦး၊ အမျိုးသမီး(၆)ဦး၊ မုံရွာမြို့မှ အမျိုးသား(၁၄)ဦး၊ ရွှေဘိုမြို့မှ အမျိုးသား(၇)ဦး၊ ရေဦးမြို့မှ အမျိုးသား(၁)ဦး၊ ဝန်းသိုမြို့မှ အမျိုးသား(၃)ဦး၊ ကသာမြို့မှ အမျိုးသား(၄)ဦး နှင့် ကန့်ဘလူမြို့မှ အမျိုးသား(၃)ဦး၊ စုစုပေါင်း အမျိုးသား(၈၉)ဦးနှင့် အမျိုးသမီး(၆)ဦးစုစုပေါင်း(၉၅)ဦးဖြစ်ကြောင်း သိရှိရသည်။
အလားတူ ကလေးမြို့ရှိ အောင်ဆန်းခန်းမ၌ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ကျင်းပပြုလုပ်ရာ တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနား၌ ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများအနေဖြင့် ဟားခါးမြို့မှ အမျိုးသား(၁)ဦး၊ ကလေးမြို့မှ အမျိုးသား (၂၅)ဦး အမျိုးသမီး(၂)ဦး၊ မော်လိုက်မြို့မှ အမျိုးသား(၁)ဦး၊ ဖောင်းပြင်မြို့မှ အမျိုးသား(၂)ဦး အမျိုးသမီး(၁)ဦးနှင့် တမူးမြို့မှ အမျိုးသား (၁၃)ဦး၊ စုစုပေါင်း အမျိုးသား (၄၂) ဦးနှင့် အမျိုးသမီး(၃)ဦး၊ (၄၅)ဦးတို့သည် ၎င်းတို့နှင့်အတူ ပါရှိလာသည့် ပစ္စတိုသေနတ်(၁)လက်၊ MA-1 သေနတ် (၂) လက်၊ MA-3 သေနတ်(၂)လက်၊ MA-11 သေနတ်(၁)လက်၊ M-22 သေနတ် (၁)လက်၊ Type-81 သေနတ် (၁၁)လက်၊ AK-47သေနတ် (၁)လက်၊ ကာဘိုင် သေနတ် (၁)လက်နှင့် ရိုင်ဖယ်သေနတ် (၁)လက် စုစုပေါင်း(၂၁)လက်၊ ကျည်အိမ်(၃၀)ခု၊ ကျည်မျိုးစုံ (၆၇၉)တောင့်၊ လက်ပစ်ဗုံး(၆)လုံးနှင့် စကားပြောစက်(၃)လုံးတို့အား လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူများက လက်ခံရယူပြီး မောင်းပြန် ရိုင်ဖယ်သေနတ် (၂၀)လက်အတွက် ဆုကြေးငွေကျပ်သိန်း ၁၀၀၀၊ ပစ္စတိုသေနတ်(၁)လက်အတွက် ဆုကြေးငွေကျပ်သိန်း ၂၀၊ လက်ပစ်ဗုံး (၆)လုံးအတွက် ဆုကြေးငွေကျပ် ၁၈ သိန်း၊ စကားပြောစက် (၃)လုံးအတွက် ဆုကြေးငွေ ၆ သိန်းကျပ်၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ဆုကြေးငွေ ၂၂ သိန်း ၅ သောင်းကျပ်နှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ဝန်ခံကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံသို့စနစ်တကျလွှဲပြောင်းအပ်နှံပေးကြသည်။
ထို့ကြောင့် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDFအမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အသီးသီးမှ အမျိုးသား ၁၃၁ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄၀ ဦးသည် လက်နက်မျိုးစုံ ၂၇ လက်၊ လက်ပစ်ဗုံး ၁၆ လုံး၊ ခဲယမ်းများ ဆက်စပ် ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
