နေမိုး
၂၈. ၈. ၂၀၂၆
ကလေးမြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန် သတင်းအရ ကလေးမြို့နယ်၊ ချင်းတွင်းတံတားအနီးတွင် ဇမ်းလျန်းပုမ်း မောင်းနှင်ပြီး ဒိုးရှန်းမန်(ခ)မာန်ဗွေ့ လိုက်ပါလာသော KIA Bogon မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၉ ဒသမ ၂ သိန်းအား ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား လက်ခံသူများဖြစ်သည့် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်နေ ပေါင်ရှင်းတွောင်(ခ)တွမ်ပီး နှင့် ၎င်း၏ဇနီး မဇင်လမ်မာန် တို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ပေါင်ရှင်းတွောင်(ခ)တွမ်ပီး အား မတွေ့ရှိရဘဲ မဇင်လမ်မာန် အား ဖမ်းဆီးရမိပြီး ၎င်း၏ဖော်ထုတ်ချက်အရ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ ဟောက်ခန့်ခွာလ် အား စိတ်ကြွဆေးပြား ၂ ဒသမ ၆ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်း တန်ဖိုးငွေကျပ် ၂ ဒသမ ၉၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၁ ဒသမ ၈ သိန်းအား ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကလေးသို့ ပို့ဆောင်ရောင်းချပေးသူမှာ နမ့်စန်မြို့နေ ကောင်းစံ(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး နမ့်စန်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်သို့ ပို့ဆောင်ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ပေါင်းရှင်းတွောင်(ခ)တွမ်ပီး(ဖမ်းဆီးရန်ကျန်)နှင့် ၎င်း၏ဇနီး မဇင်လမ်မာန် တို့မှ တန့်ဆည်မှ ကလေးသို့ ဆက်လက်သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရှိရသည်။
